မြန်မာလူမျိုး မြန်မာနိုင်ငံဆိုတာ ဘယ်အချိန်ကစခဲ့တယ် ဘယ်လိုစခဲ့တယ် စသည်ဖြင့် ရှင်းပြကြတဲ့ စာပေတွေ အထောက်အထားတွေ အများကြီးပါဘဲ။ မြန်မာတို့ရဲ့ အစကိုပြောကြရင် “မြန်မာအစ တကောင်းက“ လို့ပြောလေ့ရှိကြတယ်။ ဆိုလိုတာ မြန်မာရာဇဝင်ဟာ တကောင်းမြို့တည်တာက စ တယ်။ တချို့ သမိုင်းစာအုပ်တွေမှာ သရေခေတ်တရာမြို့တည်တာ ပြောတယ်။ ပြီးရင် အနော်ရထာမင်းကြီး ပုဂံပြည်ကို အခြေပြုပြီး ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်တာကို ပြောတတ်ကြတယ်။ မြန်မာသမိုင်းစာပေတွေ ပြန်ကြည့်ရင် အနော်ရထာမင်းကြီးအုပ်စိုးခဲ့တဲ့ ခရစ်သက္ကရာဇ် ၁၀၄၄ နောက်ပိုင်းက စပြီး အချက်အလက်တချို့ ကွဲလွဲတာကလွဲလို့ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိတယ်လို့ ပြောနိုင်တယ်။ အဲဒီခေတ်မတိုင်မီ အချိန်က အကြောင်းတွေကတော့ အထောက်အထား မခိုင်လုံတဲ့အတွက် မြန်မာ့သမိုင်းမှာ ဝေဝေဝါးဝါးသာ ရှိနေတယ်။ တချို့သမိုင်းစာပေတွေဟာ သမိုင်းနဲ့ပုံပြင်မကွဲတဲ့အတွက် သမိုင်းကိုလေ့လာသူတွေ တခါတရံ အခက်အခဲတွေ့ရတယ်။ ရှေးဟောင်းသမိုင်းစာပေတွေမှာပါတဲ့ မြန်မာတို့ရဲ့ သမိုင်းအစနဲ့ ဒီဘက်ခေတ်မှာ သုတေသနလုပ်ရင်း ရှာဖွေတွေ့ရှိထားချက်တွေဟာ ကွဲပြားခြားနားတာတွေရှိတယ်။ မြန်မာ့သမိုင်းကို စိတ်ဝင်စားကြတဲ့ လူငယ်များအတွက် ဗဟုသုတအနေနဲ့ နားလည်သလောက် ဖေါ်ပြလိုက်ပါတယ်။
လက်လှမ်းမီသမျှ ဖတ်လို့ရတဲ့အထဲက မြန်မာ့သမိုင်း လေ့လာသူတိုင်းရဲ့ လက်စွဲဖြစ်တဲ့ ရှေးသမိုင်းကျမ်း နှစ်စောင်ကို ကြည့်မိတယ်။ ပထမဆုံးပြောချင်တဲ့ စာအုပ်က လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော် (ခရစ်သက္ကရာဇ် ၁၇၁၄ နှင့် ၁၇၃၃ ကြား၊ တနင်္ဂနွေမင်း လက်ထက်) က ရေးခဲ့တဲ့ ဦးကုလားရဲ့ မဟာရာဇဝင်ကြီးစာအုပ်။ ဒီစာအုပ်ဟာ မြန်မာ့သမိုင်းစာပေမှာ အချက်အလက်တို့ပြည့်စုံတယ် စကားပြေ အရေးအသား ပြေပြစ် ကောင်းမွန်တယ် စသည်ဖြင့် နာမည်ကျော်ပြီး သမိုင်းလေ့လာသူတိုင်း အားထားရတဲ့ ကျမ်းကြီးဖြစ်တယ်။ ပြီးတော့ ကျမ်းပေါင်း ရ၀ ကျော်ကို ကိုးကားခဲ့တယ်လို့ ဆိုတယ်။
ဒီစာအုပ်မှာ မြန်မာ့သမိုင်းကို သရေခေတ္တရာပြည်တည်တာက စတယ်။ သရေခေတ္တရာပြည်ကြီးကို တကောင်းမင်းဆက်က ဆင်းသက်လာတဲ့ ဒွတ္တဘောင်မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ကျော် (သာသနာသက္ကရာဇ် ၁၀၁၊ဘီစီ ၄၄၃) မှာတည်တယ်လို့ ဆိုတယ်။ အဲဒီ ဒွတ္တဘောင်မင်း မတိုင်မီမှာ တကောင်းပြည်မှာ သတိုးမဟာရာဇာမင်းကြီး အုပ်စိုးခဲ့တယ်။ မိဖုရားကြီးက မျက်မမြင် ညီနောင် မဟာသမ္ဘဝ နဲ့ စူဠသမ္ဘဝ တို့ကို တို့ကိုမွေးဖွားတဲ့အခါ မင်းကြီးက သူ့ရဲ့ အသရေယုတ်လို့ဆိုပြီး ဖျောက်ဖျက် ခိုင်းတယ်။ မိဖုရားကြီးက မသတ်ရက်လို့ ဖေါင်နဲ့တင်ပြီး မျှော၊ မိဖုရားကြီးးရဲ့ မောင် ရသေ့ကြီးကကယ်ထား၊ နောက်တော့ ရသေ့ကြီးရဲ့ အစီအစဉ်နဲ့ မဟာသမ္ဘဝက ပျူတိုင်းပြည်ရဲ့ မင်းဖြစ်လာတယ်။ မဟာသမ္ဘဝ လွန်တဲ့အခါ သူ့ရဲ့သား ဒွတ္တဘောင်က သရေခေတ္တရာပြည်ကြီးကို တည်ခဲ့တယ်။
ဒွတ္တဘောင်မင်းလက်ထက်မှာ သရေခေတ္တရာပြည်ကြီးဟာ အလွန်စည်ကားခဲ့ပြီး သာသနာတော်ကိုလည်း အားပေးခဲ့တယ်လို့ ဆိုတယ်။ သောကြမ္မာ၊ ညည်းညည်း၊ စည်းစည်း၊ ပေါပေါ၊ လျောလျော နဲ့ မြသီတင်လို့ ခေါ်တဲ့ ကောင်းမှုတော် စေတီ ၆ ဆူ ကို တည်ခဲ့တယ်။ နောက်ပိုင်းမှာ အခွန်ကောက်ထွက်ရင်း ပန်ထွာပြည် (ဗိဿဏိုး) ကို ရောက်သွားတယ်။ ပန်ထွာဘုရင်မ အစီအရင်လုပ်ထားတဲ့ လက်သုတ်ပဝါကို သုံးစွဲမိလို့ ဘုန်းတန်ခိုးတွေရော့ကျပြီး သေဆုံးခဲ့တယ်။ ပင်လယ်မှာ လှေနစ်လို့ သေဆုံးခဲ့တယ်လို့ ယူဆရမယ်ထင်တယ်။ စာထဲမှာတော့ နဂါးတို့က စိတ်ဆိုးလို့ နဂါးပြည်ကို ဆောင်ယူသွားတယ်လို့ ရေးထားတယ်။ ဒွတ္တဘောင်မင်းလွန်ပြီးတဲ့နောက် သရေခေတ္တရာမှာ မင်းဆက် ၂၅ ဆက် အုပ်စိုးခဲ့တယ်။ သုပညာနဂရဆိန္နမင်း လက်ထက်မှာ သရေခေတ္တရာပြည်ကြီးဟာ စကောကို လေပွေတိုက်လို့ ငါ့စကောလို့ အော်ပြီးလိုက်ရာကနေ တိုင်းပြည်ပျက်ခဲ့တယ်လို့ ဆိုတယ်။ အဲဒါ ခရစ်သက္ကရာဇ် ၉၄ (ကောဇာသက္ကရာဇ် ၁၆)။ ဒီစာအုပ်မှာတော့ တခြား ပျူမြို့တော် တွေ အကြောင်း ဖေါ်ပြတာမရှိတော့ဘဲ နောက် ၁၃ နှစ် အကြာ (ကောဇာသက္ကရာဇ် ၂၉၊ ခရစ်သက္ကရာဇ် ၁၀ရ) မှာ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်းအရပ်မှာ ပုဂံပြည်ကို စတင် တည်ထောင်ခဲ့တယ်လို့ ဆိုတယ်။
ဒုတိယ ပြောပြချင်တဲ့ စာအုပ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ နီးပါး (ခရစ်သက္ကရာဇ် ၁၈၂၉ ဝန်းကျင် ၊ စစ်ကိုင်းမင်း ခေါ် ဘကြီးတော်ဘုရား လက်ထက်) က ရေးခဲ့တဲ့ မှန်နန်းရာဇဝင်။ အဲဒီစာကို ပညာရှိဆရာတော်ကြီးတွေ၊ မင်းတိုင်ပင်အမတ်ကြီးတွေ၊ ပုဏ္ဏား၊ အတွင်းဝန် နဲ့ စာရေးကြီးတွေ အစရှိတဲ့ အဖွဲ့ဝင် ၁၃ ဦးပါတဲ့ အဖွဲ့နဲ့ ရေးခဲ့ကြတယ်။ မှန်နန်းရာဇဝင် ပထမ နဲ့ ဒုတိယတွဲ မှာတော့ မဇ္ဈိမဒေသ (အိန္ဒိယနိုင်ငံ) က မင်းတွေ အကြောင်းဘဲမို့ အကျယ်မပြောတော့။ အကျဉ်းချုပ်ကတော့ မဟာသမ္မတမင်းကစလို့ ဘုရားလောင်း သိဒ္ဓတ္ထမင်းတိုင်အောင် မင်းပေါင်း သုံးသိန်း သုံးသောင်း လေးထောင် ငါးရာခြောက်ကျိပ် နဲ့ ကိုးယောက်ရှိတယ်လို့ ဆိုတယ်။ တတိယတွဲမှာတော့ မြန်မာအစ တကောင်းကလို့ ဆိုစကားဖြစ်လာမဲ့ တကောင်းပြည်တည်ထောင်ခြင်း အကြောင်းရှင်းပြတယ်။ ဂေါတမမြတ်စွာဘုရား မမွေးခင် နှစ်ပေါင်းများစွာက ကောသလတိုင်းပြည် (ပဉ္စလရာဇ်မင်း) နဲ့ ကောလိယတိုင်း တို့ စစ်ဖြစ်တဲ့အခါ ကောသလတိုင်းက နိုင်တယ်။ အဲဒီအခါ ကောလိယတိုင်းထဲမှာပါတဲ့ ကပိလဝတ်ပြည်က သကျသာကီဝင်မျိုးဖြစ်တဲ့ အဘိရာဇာမင်းဟာ တကောင်းမြို့နေရာ ကိုရောက်လာပြီး သင်္ဃဿရဋ္ဌ လို့အမည်ပေးပြီး တကောင်းမြို့ကို တည်ထောင်ခဲ့တယ်။ အဘိရာဇာမင်းကြီး လွန်တဲ့နောက် သားတော်နှစ်ပါးဖြစ်တဲ့ ကံရာဇာကြီး နဲ့ ကံရာဇာငယ် တို့ နန်းလုကြတဲ့အခါ ကံရာဇာငယ် အနိုင်ရပြီး တကောင်းမြို့ကို ဆက်လက်အုပ်စိုးတယ်။ အဲဒီကနေ မင်းဆက်ပေါင်း ၃၃ ဆက် အုပ်စိုး၊ ဘိဏကရာဇာမင်း လက်ထက်မှာ တရုတ်တို့ ဝင်တိုက်လို့ တိုင်းပြည်ပျက်ခဲ့တယ်။ လူစုကွဲပြီးပြေးကြတဲ့အခါ မိဖုရားကြီး နာဂဆိန်က တကောင်းမှာ ဆက်နေခဲ့တယ်။
အဲဒီကာလမှာဘဲ ကပိလဝတ်ပြည်မှာ ဂေါတမမြတ်စွာဘုရားရဲ့ ဆွေမျိုး သာကီဝင်မင်းမျိုးတွေကို ကောသလမင်း ဝိဋဋူပမင်းက လက်စားချေပြီး တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်။ အဲဒီက ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဓဇရာဇာမင်းက တကောင်းရောက်လာတယ်။ ကျန်ခဲ့တဲ့ မိဘုရားကြီး နာဂဆိန်နဲ့ ပေါင်းဆုံမိပြီး အညာပုဂံပြည် (တကောင်းမြို့ အနီးမှာရှိတဲ့) ကို တည်ထောင်ခဲ့တယ်။ အဲဒီကမှာ မြန်မာတို့ ဖြစ်လာတယ်လို့ ဆိုတယ်။ အချိန်ကာလ ကို ပြန်ကြည့်ရင် ဂေါတမမြတ်စွာဘုရားပွင့်တဲ့ ကာလဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကပေါ့။
ဖြတ်ပြောရရင် အညာပုဂံ ဆိုတဲ့နာမည် ဘယ်ကရောက်လာတာလဲလို့ စဉ်းစားမိတယ်။ အဲဒီခေတ်က ပုဂံဆိုတဲ့ နာမည်မှ မရှိသေးဘဲ။ အဲဒီခေတ်ပြီး နောင်အနှစ် ၁၅၀၀ လောက်နေမှ အနော်ရထာမင်းကြီးက ပုဂံပြည်ကို တည်ခဲ့တာ (ခရစ်သက္ကရာဇ် ၁၀၄၄)။ ပြီးတော့ ပုဂံခေတ်က ပုဂံကို ပေါကာမ ဒါမှမဟုတ် မွန်ဘာသာနဲ့ ပေါကာမ်၊ ပါဠိလို အရိမဒ္ဒနပူရလို့ ခေါ်ခဲ့ကြတာ။
ဆက်ပြောရရင် အဲဒီနောက်ပိုင်း တကောင်းမင်းဆက် ဒွတ္တဘောင်မင်းက သရေခေတ္တရာပြည်တည်ထောင်ခန်းက အထက်က ဦးကုလားရေးတဲ့ မဟာရာဇဝင်ကြီးအတိုင်းပါဘဲ။ ထပ်တူမှီငြမ်းခဲ့တယ်လို့ ပြောလို့ရတယ်။ အဘိရာဇာမင်း၊ ဘိဏကရာဇာမင်း အကြောင်းတွေက စ လို့ ဒွတ္တဘောင်မင်းဟာ ပန်ထွာဘုရင်မလက်ချက်နဲ့ ကွယ်လွန်ပုံ၊ သုပညာနဂရဆိန္နမင်း လက်ထက်မှာ သရေခေတ္တရာပြည်ကြီး ပျက်စီးပုံ အားလုံးအတူတူဘဲ ဆိုပါတော့။ အဲဒီတော့ ရှေးမြန်မာသမိုင်း စာပေမှာ ထင်ရှားတဲ့ ဒီစာအုပ် နှစ်အုပ်မှာ မြန်မာအစ တကောင်းက ဆိုတဲ့အဆိုကို မှန်နန်းရာဇဝင်က စခဲ့တယ်လို့ ပြောလို့ရတယ်။
ဒါပေမဲ့ ဦးကုလားရေးတဲ့ မဟာရာဇဝင်ကြီးကို သေချာဖတ်ရင် အဘိရာဇာမင်းတို့ ဓဇရာဇာမင်းတို့ ကပိလဝတ်ပြည် ကနေ တကောင်းကိုလာခဲ့တာမပါပေမဲ့ တကောင်းပြည်ရှိတယ်ဆိုတာရယ် တကောင်းမင်း သတိုးမဟာရာဇာရဲ့ သားတော် မျက်မမြင်ညီနောင် မဟာသမ္ဘဝ နဲ့ စူဠသမ္ဘဝ တို့ အကြောင်းတွေရယ် ပျူမိဘုရားနဲ့ ရပြီး ပျူတိုင်းပြည်မှာ မင်းဖြစ်ခဲ့တာတွေရယ် အကုန်ပါတယ်။ ဆိုလိုတာ ဦးကုလားဟာ အဘိရာဇာမင်း၊ ကံရာဇာကြီး နဲ့ ကံရာဇာငယ်၊ ဓဇရာဇာမင်း တို့ အကြောင်းတွေကို သိတယ် ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် ထဲ့မရေးခဲ့တာလားလို့ စဉ်းစားမိတယ်။ ဒါဆို မှန်နန်းရာဇဝင်ကကော။ ဒီစာအုပ်က ဦးကုလားရဲ့ မဟာရာဇဝင်ကြီးကို မှီငြမ်းပြီးရေး ပြီးမှ တခြား သမိုင်းမှတ်တမ်းတွေ ကျောက်စာတွေ ကနေ တကောင်းရာဇဝင်ကို ထပ်ဖြည့်ခဲ့တယ်၊ ဒါမှမဟုတ် ဒီစာအုပ် ၂ အုပ်လုံးဟာ အခြားကိုးကားစာ တစ်ခုထဲကို မှီငြမ်းခဲ့ကြတာလို့ မှန်းကြည့်မိတယ်။
ဒါဆိုရင် ဒီဘက်ခေတ် သမိုင်းပညာရှင်တွေ ဘာတွေပြောခဲ့သလဲ လိုက်ရှာကြည့်မိတယ်။ အဲဒီထဲကမှ ရှေးဟောင်းသုတေသနတူးဖေါ်မှုကနေ တွေ့ရှိတာတွေ အခြေခံပြီးရေးခဲ့တဲ့ သမိုင်းမှတ်တမ်း တချို့ကို လက်လှမ်းမီသလောက် ဖတ်မိတဲ့အထဲက နဲနဲလောက်ကြည့်ရအောင်။ ကိုးကားစာတွေကို အောက်မှာ ရေးပေးလိုက်တယ်။
ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့ တွေ့ရှိချက်အရ မြန်မာနိုင်ငံလို့ဖြစ်လာမဲ့ မြေပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းကျော် (ဘီစီ ၁၁၀၀၀) က ကျောက်ခေတ်လူသားတွေ စတင် နေထိုင်ခဲ့ကြတယ်လို့ဆိုတယ်။ အဲဒီ အထောက်အထားကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ညောင်ချပ်ရွာနားက ပဒတ်လင်းဂူ (ပြဒါးလင်းဂူ) ထဲ တွေ့ရှိရတယ်။ အဲဒီဂူထဲမှာ နံရံမှာရေးဆွဲထားတဲ့ အရုပ်တွေ စားသောက်ပြီးပစ်ထားခဲ့တဲ့ အရိုးတွေ မီးဖိုပြီးသုံးခဲ့တဲ့အတွက် ကျန်နေခဲ့တဲ့ ပြာတွေ တွေ့ရတယ်။ အဲဒီခေတ်ကို ကမ္ဘာ့သမိုင်း ဖြစ်စဉ်နဲ့ နိုင်းယှဉ်ကြည့်ပြီး ကျောက်ဟောင်းခေတ် လို့ ခေါ်တယ်။ အဲဒီအချိန်က လူတွေဟာ ကျောက်လက်နက်တွေ သုံးပြီး အမဲလိုက်ရှာဖွေ စားသောက်နေထိုင်ကြတဲ့ အဆင့်ဘဲရှိသေးတယ် စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးနိုင်တဲ့ အဆင့်မရောက်ကျသေးဘူးပေါ့။ ကျောက်လက်နက်ဆိုတာ မျက်နှာတစ်ဖက်က အသွားဖေါ်ထားတဲ့ စဉ်းဓါးလိုလက်နက်တွေ၊ ခုတ်ဖို့လို့အတွက်သုံးနိုင်တဲ့ မျက်နှာနှစ်ဖက်လုံး အသွားပေါ်အောင်ဖဲ့ထားတဲ့ လက်နက်တွေနဲ့ ပဲကွပ်လို လက်နက်မျိုးတွေပါဘဲ။ အဲဒီကျောက်ခေတ်လူသားတွေ နေခဲ့ကြတဲ့ အထောက်အထားတွေ သုံးခဲ့ကြတဲ့ ကျောက်လက်နက်တွေကို မြန်မာနိုင်ငံတဝှမ်း ယခုအခေါ်အားဖြင့် ပြည်၊ သရက်၊ မကွေး၊ ရေနံချောင်း၊ ပုပ္ပါး၊ မိုးကုတ်၊ ရှမ်းပြည်မြောက်ပိုင်း နဲ့ ချင်းတောင်တွေမှာ တွေ့ ရတယ်။ အဲဒါကို ကြည့်ချင်းအားဖြင့် အခု မြန်မာနိုင်ငံလို့ ဖြစ်လာမည့် နေရာမှာ လူသားတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းကျော်ကတဲက အခြေချနေခဲ့ပြီလို့ သိနိုင်ပါတယ်။
တဖြည်းဖြည်းနဲ့ လူတွေရဲ့ နေထိုင်စားသောက်မှုတိုးတက်လာတဲအခါ ကျောက်ခေတ်လူသားတွေဟာ အမဲလိုက်ရှာဖွေ စားသောက်ကြရာက ကောက်ပဲသီးနှံတွေ ထွန်ယက်စိုက်ပျိုးတတ်လာတယ်။ ကျွှဲ နွားတွေမွေးမြူတတ်လာတယ်။ ဒါပေမဲ့ မြို့ပြတည်ထောင်တဲ့ ယဉ်ကျေးမှုအဆင့်မျိုး မရှိကြသေးဘဲ ဘာသာစကား အမူအကျင့်တူသူတွေ စုနေကြတဲ့ သဘောမျိုးလောက်ဘဲရှိကြတယ်။ လူတွေရဲ့ နေထိုင် စားသောက်မှုနဲ့ ယဉ်ကျေးမှု အဆင့်အတန်း တိုးတက်လာတဲ့အခါ တဖြည်းဖြည်းနဲ့ ရွာလေးတွေ ပြီးတော့ မြို့ တွေစသည်ဖြင့် တည်ထောင်တဲ့ အဆင့်ကို ရောက်လာတယ်။
အဲဒီလို တဖြည်းဖြည်းတိုးတက်လာသလို အခြားဒေသက လူတွေလဲ ပြောင်းရွှေ့ ရောက်လာကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ဝန်းကျင် (ဘီစီ ၃ ရာစု) လောက်က စပြီး မြောက်ဖက်ကုန်းမြင့် (တိဗက်နိုင်ငံနဲ့ နီးနီး၊ အခု တရုတ်နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ) ဒေသမှာ နေထိုင်ခဲ့ကြတဲ့လူတွေဟာ အခု မြန်မာနိုင်ငံလို့ ဖြစ်လာမဲ့ နေရာကို ရောက်ရှိလာကြတယ်။ သူတို့ဟာ တိဗက်-ဗမာ (Tibeto-Burman) အနွယ်လူမျိုးတွေ ဖြစ်ကြတယ်။ အဲဒီ သူတွေကို ပျူ (ထုလော်ကျူ) လို့ခေါ်တယ်။ သူတို့ဟာ ဧရာဝတီမြစ်ဝှမ်းတလျှောက်ဖြန့်ကျက် နေထိုင်ခဲ့ကြပြီး နှစ်ပေါင်း ၂၀၀၀ ဝန်းကျင် (အေဒီ ၁ ရာစု) လောက်မှာ မြို့ ကြီးတစ်ခုကို ပထမဆုံး တည်ဆောက်ခဲ့ကြတယ်။ အဲဒီမြို့ ကြီးကို ပိဿဏိုးလို့ခေါ်တယ်။ အဲဒီပျူတွေနဲ့ အတူ နာဂ၊ သက် နဲ့ ဂဒူးလူမျိုးတွေပါ မြန်မာနိုင်ငံထဲကို အဲဒီအချိန်ကထဲက အတူရောက်ရှိလာကြတယ်လို့ ယူဆကြတယ်။
ဖြတ်ပြောရရင် ကျနော်တို့က ပျူလို့ခေါ်နေကြမဲ့ သူတို့ကိုယ်တိုင်က ထုလော်ကျူ လို့ခေါ်တယ်။ တရုတ်တို့က ဖျောက် လို့ခေါ်တယ်။ ပုဂံခေတ်က မြန်မာတို့ မွန်တို့က တိရ်စုလ် လို့ခေါ်တယ်။ ပျူတွေဟာ ဗိဿဏိုးမြို့တော်ကို တည်ထောင်ခဲ့ရုံတင်မက တကောင်းအောက် ဧရာဝတီမြစ်ဝှမ်း တခုလုံးမှာ ဖြန့်ကျက်ပြီးနေထိုင်ခဲ့ကြတယ်။ ဗိဿနိုးမှာ နေခဲ့ကြတဲ့ ပျုတွေဟာ လယ်ယာစိုက်ပျိုးရေး၊ ပန်းပဲလုပ်ငန်း၊ ယက်ကန်းလုပ်ငန်း တွေနဲ့ အသက်မွေးခဲ့ကြတယ်။ အိန္ဒိယ၊ ယူနန်၊ ဒွါရဝတီ (ထိုင်းနိုင်ငံ) တို့နဲ့ စီးပွားရေး ဆက်သွယ်မှုတွေရှိခဲ့တယ်။ ဗိဿဏိုးရဲ့ စီးပွားရေးဟာ တော်တော်လေး အောင်မြင်ခဲ့တာကြောင့် ဖူနန် (Funan) ဘုရင် သီရိမာရ (Srimara) က ခရစ်သက္ကရာဇ် (အေဒီ) ၂၁၅ မှာ ဝင်ရောက်သိမ်းယူခဲ့တယ်။ ဖူနန်ဆိုတာ အခုခေတ်မှာ ကမ်ဘောဒီးယားနိုင်ငံ (Cambodia) ဖြစ်လာမဲ့နေရာမှာရှိတယ်။ ခရစ်သက္ကရာဇ် ၂၂၅ မှာ ဖူနန်တပ်တွေ ပြန်ရုပ်သိမ်းသွားပြီးနောက်ပိုင်း မြန်မာပြည်တောင်ပိုင်းက မွန်တွေရယ် သူတို့နဲ့အတူ ရောပါလာတဲ့ အိန္ဒိယတောင်ပိုင်းသား (Pandyan) တို့က ဝင်ရောက် နေရာယူခဲ့ကြတယ်။ ဗိဿဏိုးဟာ နှစ်ပေါင်း၂၀၀ ကျော် မွန်နဲ့ အိန္ဒိယတောင်ပိုင်းသားတွေ လက်ထဲမှာဘဲ ရှိနေခဲ့တယ်။ အဲဒီမှာရှိတဲ့ မွန်တွေနဲ့ အိန္ဒိယတောင်ပိုင်းသားတွေကို သရေခေတ္တရာမှာရှိတဲ့ ပျူတွေက သူတို့ရဲ့ မျိုးနွယ် Pandya ကိုလိုက်ပြီးတော့ ပန်ထွာ လို့ခေါ်ခဲ့ကြတယ်။ ခရစ်သက္ကရာဇ် (အေဒီ) ၅ ရာစုမှာ သရေခေတ္ထရာမှာရှိတဲ့ ပျူတွေက ဗိဿဏိုးကို ဝင်တိုက်၊ ပန်ထွာဘုရင်မကို ဖမ်းသွားပြီးတဲ့နောက်ပိုင်းမှာတော့ ဗိဿဏိုးဟာ မြို့ပျက်တစ်ခုအဖြစ်သာကျန်ခဲ့တယ်။ သုတေသနတူးဖေါ်မှုတွေ အရ စာပေထွန်းကားခဲ့တဲ့ လက္ခဏာ ဗုဒ္ဓဘာသာ ထွန်းကားခဲ့တဲ့ လက္ခဏာ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဗိဿဏိုးကို ဖူနန်ဘုရင် သီရိမာရ ဝင်သိမ်းပိုက်တဲ့ ခရစ်သက္ကရာဇ် ၂၁၅ ကာလမှာ ဗိဿဏိုးက ထွက်ပြေးခဲ့တဲ့ ပျုတွေဟာ တချို့က သရေခေတ်တရာ တချို့က ရွှေဘိုနယ်က ဟန်လင်းမှာ စုရုံးမိခဲ့တယ်။ အဲဒီကမှ အစထဲက အခြေကျနေတဲ့ ပျုတွေနဲ့ပေါင်းပြီး မြို့တော်တွေ တည်ဆောက် မြို့ပြယဉ်ကျေးမှုအဆင့်ကိုရောက်ခဲ့ကြတယ်။ အဲဒါကြောင့် သရေခေတ်တရာ နဲ့ ဟန်လင်းမြို့တော်တွေမှာ ဗိဿဏိုးမှာတွေ့ရတဲ့ ယဉ်ကျေးမှု နဲ့ ဗိသုကာလက်ရာတွေ တွေ့ရတယ်။
ဟန်လင်းမြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ကနေ ၁၇၀၀ ကြား (အေဒီ ၄ ရာစုကနေ ၉ ရာစုကြား) နှစ်ပေါင်း ၅၀၀ ကျော်လောက် ထွန်းကားခဲ့တယ်။ ဗိသုကာပညာရပ်မှာ အဆင့်မြင့်ခဲ့တယ်။ လယ်ယာစိုက်ပျိုးရေး၊ ပန်းပဲ၊ ပန်းရံ၊ ကျောက်ဆစ်လုပ်ငန်းတွေလုပ်ခဲ့ကြတယ်။ ထူးခြားတဲ့ အချက်က စာပေပညာရှင်တွေရှိနေခဲ့ပြီလို့ ဆိုတယ်။ ပြီးတော့ ဗိဿဏိုးထက်ပို ချမ်းသာကြတယ်။ ရွှေငွေ ကျောက်မျက် ရတနာတွေ သုံးစွဲကြတယ်။ ဟန်လင်းမြို့ဟာ အေဒီ ၉ ရာစုမှာ မီးလောင်ပြီးပျက်စီးခဲ့တယ်လို့ သုတေသန တူးဖေါ်မှုတွေကနေ သိရတယ်။
ပျုမြို့တော်တွေထဲမှာ သရေခေတ္တရာမြို့တော်က အကြီးမားဆုံးနဲ့ ယဉ်ကျေးမှုအဆင့်အမြင့်ဆုံး ဖြစ်ခဲ့တယ်။ အဲဒီ သရေခေတ္တရာမြို့တော်ကြီးဟာ အေဒီ ၄ ရာစု ကနေ ၉ ရာစု ကြားမှာ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀၀ လောက်က စပြီးနှစ်ပေါင်း ၅၀၀ လောက်) ထွန်းကားခဲ့တယ်။ ဟန်လင်းမြို့ နဲ့ တပြိုင်တည်းပေါ့။ အခုခေတ်မှာ သရေခေတ္တရာလို့ ခေါ်ကြပေမဲ့ အဲဒီခေတ်ကတော့ ဂြီကွေတြလို့ ခေါ် ခဲ့တယ်။ သရေခေတ္တရာမြို့တော်ကြီး ထွန်းကားခဲ့စဉ်က တရုတ်ပြည်က သံတမန်တွေလာလည်ခဲ့ကြတယ်။ သူတို့ရေးခဲ့တဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ ပျုမြို့ပေါင်း (၁၈) မြို့အထိရှိခဲ့တယ်လို့ ဆိုတယ်။ ဒါတင်မက သရေခေတ္တရာမြို့တော်ကြီးဟာ ခံတပ်မြို့ ၉ မြို့ တည်ဆောက်ပြီး ကာကွယ်ထားတယ်။ အခုခေတ်မှာတော့ အဲဒီနေရာတွေက သီပေါ၊ ကမ်းသီတာ၊ မြင်းခြံ၊ မောရိယ၊ ဟန်လင်း၊ သဲကုန်း၊ တောင်တွင်းကြီး၊ ထီးချိုင် နဲ့ မိုင်းမော တို့ဖြစ်တယ်။ ပျု တို့ဟာ အေးအေးချမ်းချမ်း နေတတ်တယ်၊ ဂီတကို ချစ်မြတ်နိုးတယ် လို့ဆိုတယ်။ ခရစ်သက္ကရာဇ် ၈၀၂ မှာ ပျူယဉ်ကျေးမှုအဖွဲ့ ဟာ တရုတ်ဧကရာဇ်ဆီကို သွားရောက်ခဲ့ဘူးတယ်။ ပျု ယောင်္ကျားလေး မိန်းကလေး တွေ ၇ နှစ်ပြည့်ရင် သာသနာဘောင်ကို ဝင်ရတယ်။ အသက် ၂၀ ထိ သာသနာမှာဘဲနေ၊ ပညာသင်၊ အသက် ၂၀ ပြည့်လို့မှ သာသနာမှာ မပျော်ပိုက်ရင် လူထွက် လုပ်ကိုင်စားသောက်ကြတယ်။ ခရစ်သက္ကရာဇ် ၈၃၂ မှာ ယူနန်ပြည်နယ်က လာတိုက်ခိုက်တဲ့ နန်ကျောင် ခေါ် နန်စော (Nanzhao or Nan Cao) ဘုရင် ချွမ်ဖမ်ယို့ (Chuan Feng Yu) ရဲ့ တပ်တွေကို စစ်ရှုံးပြီး နန်ကျောင်တို့ လက်ချက်နဲ့ သရေခေတ္တရာမြို့ ကြီး ပျက်စီးခဲ့ရတယ်။ တချို့သမိုင်းစာပေ တွေမှာတော့ ကမ်းယံ နဲ့ သက်လူမျိုးတွေ တိုက်ခိုက်မှုကြောင့် ပျက်စီးတယ်လို့ ဆိုတယ်။ တချို့ စာပေတွေမှာတော့ ကရင်လူမျိုးတွေနဲ့ ရောနှောပြီး တိမ်ကောပျောက်ကွယ်ခဲ့တယ် လို့ဆိုတယ်။
စိတ်ဝင်စားစရာကောင်းတာတစ်ခုက သုတေသနတူးဖေါ်မှုတွေကနေ အရိုးအိုးတွေမှာတွေ့ရတဲ့ သရေခေတ္တရာကို အုပ်စိုးခဲ့ကြတဲ့ ပျူမင်းတွေရဲ့ နာမည်တွေပါဘဲ။ ဒေဝမိတြ၊ ဟရိဝိကြမ၊ သိဟဝိကြမ၊ သူရိယဝိကြမ၊ ခြိထိုင်ဝိကြမ၊ ဇတြဝိကြမ၊ အဒိတျဝိကြမ လို့ ခေါ်တဲ့ ပျူမင်း (ရ) ပါးရဲ့ နာမည်တွေဟာ မဟာရာဇဝင်ကြီး မှာကော မှန်နန်းရာဇဝင်မှာကော မတွေ့ရပါ။ အဲဒီလိုဘဲ ဒီစာပေတွေမှာတွေ့ရတဲ့ ပျူမင်းပေါင်း (၅၀) ရဲ့ နာမည်တွေဟာလည်း သုတေသနတူးဖေါ်လို့ရတဲ့ အရိုးအိုးတွေ ကျောက်စာတွေမှာ တွေ့ရခြင်းမရှိပါ။
နောက်တစ်ခု စိတ်ဝင်စားဖို့ကောင်းတာက အချိန်ကာလတွေ တော်တော်ကွာနေတာ။ မဟာရာဇဝင်ကြီးနဲ့ မှန်နန်းရာဇဝင်မှာ သရေခေတ္တရာ ပျက်စီးခဲ့ရတဲ့ကာလ ကို ကောဇာသက္ကရာဇ် ၁၆ နှစ် (ခရစ်သက္ကရာဇ် ၉၄) လို့ ဆိုတယ်။ ဒါပေမဲ့ သုတေသနတူးဖေါ်မှုတွေအရ သရေခေတ္တရာကော ဟန်လင်းကော ခရစ်သက္ကရာဇ် ၉ ရာစုနှစ် ထိရှိနေခဲ့တယ်။ ဆိုလိုတာ နှစ်ပေါင်း ၇၀၀ ကျော် ကွာနေတယ်။
အရေးကြီးတဲ့ နောက်ထပ်မြို့တော်ဟောင်းက တကောင်းမြို့ဟောင်း။ မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့မြို့တော် ဖြစ်တယ်။ ဒါကြောင့် ရှေးဟောင်းသုတေသန ဦးစီးဋ္ဌာနက ထုတ်ဝေခဲ့တဲ့ စာတွေ သတင်းအချက်အလက်တွေကို ရှာပြီးဖတ်ခဲ့တယ်။ မြေပေါ်အထောက်အထား ရှာဖွေတာ လေးကြိမ် (၁၉၂၃၊ ၁၉၃၈၊ ၁၉၆၀၊ ၁၉၆၆) လုပ်ခဲ့တယ်။ မြေပေါ်မှာတွေ့ရသမျှက ပုဂံခေတ်က (ခရစ်သက္ကရာဇ် ၁၁ ရာစု) အသုံးပြုခဲ့တဲ့ အုတ်ခွက်တွေ အုတ်ခွက်ဘုရားတွေ ဖြစ်တယ်လို့ဆိုတယ်။ တကောင်းမြို့ဟောင်းနဲ့ အညာပုဂံမြို့ဟောင်း တူးဖေါ်ခြင်းကို ၁၉၆၇-၆၈ မှာ တစ်ကြိမ်၊ ၁၉၆၈-၁၉၆၉ မှာ တစ်ကြိမ် လုပ်ခဲ့ကြတယ်။ အဲဒီတူးဖေါ်မှုကနေ တွေ့ရှိခဲ့တဲ့ အိုးအင်ခွက်ယောက်တွေ (ရေတည်အိုး၊ ရေတကောင်း၊ ရေသွန်းကရား၊ သပိတ်၊ ညောင်ရေအိုး၊ ဆီမီးခွက်) ပုတီးနဲ့ဆွဲပြားတွေ မြေမီးဖုတ် အုတ်ခွက်ဆင်းတုတော်တွေ ဒါတွေအားလုံးဟာ ပုဂံခေတ်က လက်ရာတွေဖြစ်တယ်လို့ ဆိုတယ်။ ဒါတွင်မက အုတ်တွေမှာ ရေးထားတဲ့ အရေးအသားတွေဟာ ပုဂံခေတ်က အရေးအသားတွေဘဲ ဖြစ်တယ်လို့တွေ့ရတယ်။ စိတ်ဝင်စားဖို့ ပိုကောင်းတာက ပျူလူမျိုးတို့ သုံးခဲ့ကြတဲ့ ဒင်္ဂါတွေ၊ သိရိဝိစ္ဆ၊ ငါးကြင်းရှစ်ကောင်စတဲ့ အရုပ်တွေချယ်ထားတဲ့ အိုးခြမ်းကွဲတွေ လူအရိုးအိုးတွေ မတွေ့ရဘူးလို့ ဆိုတယ်။ အကျဉ်းချုပ်ကတော့ တကောင်းမြို့ဟောင်းမှာ တွေ့ရသမျှဟာ ပုဂံခေတ်ကသာ ဖြစ်တယ် လို့ဆိုတယ် (ဦးသန်းဆွေ၊ ၁၉၉၃)။ ဆိုလိုတာ ရှေးဟောင်း မြန်မာ့သမိုင်းစာပေတွေမှာ တွေ့ခဲ့ရတဲ့ အဘိရာဇာမင်း အစရှိတဲ့မင်းတွေ ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရဘူး သို့မဟုတ် မတွေ့ရသေးဘူးပေါ့။ နောက်တစ်ခါ ၂၀၀၀ ခုနှစ်မှာ ရှေးဟောင်းသုတေသနဋ္ဌာနက တကောင်းမြို့ဟောင်းတူးဖေါ်ရေး ထပ်လုပ်ခဲ့ပြန်တယ် (ချစ်စံဝင်း၊ ၂၀၀၃)။ ဒီအခါမှာတော့ တကောင်းမြို့ဟောင်းနားက ဆင်ညှပ်ကုန်းရွာနားမှာတူးခဲ့ကြတယ်။ အဲဒီမှာတော့ တွေ့ရတဲ့ အုတ်ခွက်တွေ အုတ်ပြွန်ခြမ်းတွေဟာ ဗိဿဏိုးမြို့ဟောင်းမှာ တွေ့ရတဲ့ ပျူတို့ရဲ့လက်ရာနဲ့တူတယ်။ ဒီတွေ့ရှိချက်တွေကြောင့် တကောင်းမြို့ဟောင်းဟာ ခရစ်သက္ကရာဇ် ၅ ရာစုကနေ ၇ ရာစုထိထွန်းကားခဲ့တယ်လို့ ရှေးဟောင်းသုတေသနဋ္ဌာနက ထုတ်ပြန်ခဲ့တယ်လို့ ဆိုတယ်။ အဲဒီတော့ တကောင်းဟာ ပျူမြို့ဟောင်းတစ်ခု ဖြစ်တယ်လို့ ပြောနိုင်ပေမဲ့ မြန်မာအစ တကောင်းကလို့ ဆိုခဲ့တဲ့ အယူအဆကို ထောက်ခံနိုင်ခြင်း မရှိသေးလို့ဘဲ မြင်ပါတယ်။
နောက်ဆုံး ပြောဖို့ကျန်တဲ့ ပျူမြို့ဟောင်းကတော့ ပင်လယ်မြို့ဟောင်းလို့ခေါ်တဲ့ မိုင်းမော မြို့ဟောင်းပါဘဲ။ ဒီမြို့ဟောင်းက ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မှာရှိတယ်။ ၁၉၇၂ ကမှ ဒီမြို့ဟောင်းကို စတင်သတိပြုမိခဲ့ကြပြီး ၁၉၈၀ ကျမှ ရှေးဟောင်းသုတေသနဋ္ဌာနက တူးဖေါ်မှုတွေ စတင်ခဲ့ကြတယ်။ စိတ်ဝင်စားဖို့ကောင်းတာ ဒီမြို့ဟောင်းကြီးအကြောင်းကို ဘယ်သမိုင်းစာပေမှာမှ မဖေါ်ပြခဲ့ကြဘူး။ ဒါပေမဲ့ သုတေသနတွေ့ရှိချက်တွေအရ ဒီမြို့တော်ကြီးဟာ ခရစ်သက္ကရာဇ် ၄ ရာစု လောက်ကတဲ့က စတင်ထွန်းကားခဲ့ပြီး ဗိဿဏိုး၊ သရေခေတ္တရာ၊ ဟန်လင်း တို့နဲ့ ခေတ်ပြိုင်တည်ရှိခဲ့တယ်လို့ သိရတယ်။ ဗိဿဏိုးက သရေခေတ္တရာက ဝင်တိုက်လို့ ခရစ်သက္ကရာဇ် ၅ ရာစုလောက်မှာ ပျက်စီးခဲ့ပြီး သရေခေတ္တရာ၊ ဟန်လင်း နဲ့ မိုင်းမောတို့က ခရစ်သက္ကရာဇ် ၉ ရာစုမှာ ပျက်စီးခဲ့ကြတယ်။ ရွှေပေလွှာ၊ ငွေပေလွှာ အပိုင်းအစတွေ ငွေပန်းချပ်တွေ ရွှေပုတီးစေ့ ဆင်ရုပ်ပုတီးစေ့တွေ အများအပြားတွေ့ရတယ်။ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ကျောက်စာတစ်ချပ်ကိုတွေ့ရတယ်။ ဒါကိုကြည့်ပြီး မိုင်းမောမှာနေထိုင်ခဲ့ကြတဲ့ ပျူတွေဟာ သရေခေတ္တရာနဲ့ ဟန်လင်းမှာ ရှိခဲ့ကြတဲ့ ပျူတွေလိုဘဲ စာပေကို ကောင်းစွာတတ်မြောက်ကြတယ်လို့ ဆိုနိုင်တယ်။ အဲဒီကျောက်စာတွေ့ခဲ့တဲ့ ရွာလေးကို အစွဲပြုပြီး မြနဒီကျောက်စာ လို့ခေါ်ကြတယ်။
ပျူမြို့တော်အကြောင်း အကျဉ်းချုပ်ရရင် ပျူတို့ တည်ဆောက်ထားခဲ့တဲ့ ပုဂံမတိုင်မီ မြန်မာနိုင်ငံဟာ ဗိဿဏိုးမြို့ တည်ထောင်တာကစလို့ သရေခေတ္တရာမြို့တော် ဟန်လင်းမြို့ မိုင်းမောမြို့ စတဲ့ ပျူမြို့တွေပျက်စီးခဲ့ရတဲ့ ၉ ရာစုထိ နှစ်ပေါင်း ၉၀၀ ဝန်းကျင် ထည်ထည်ဝါဝါနဲ့ ရပ်တည်ခဲ့တယ်။ ပျူမြို့တွေ မြန်မာတဝှမ်းလုံးမှာ ရှိနေခဲ့ပြီး အဲဒီအထဲမှာ သရေခေတ္တရာမြို့တော်ဟာ အကြီးဆုံးဖြစ်တယ်။ မြို့အကျယ် ၅.၅ စတုရန်းမိုင် ပတ်လည် ၈ မိုင် ၅ ဖါလုံ ရှိတယ်။ ပြောရရင် အဲဒီအကျယ်ဟာ မန္တလေးနန်းမြို့ရိုးထက် ပိုကြီးတယ်။ တရုတ်မှတ်တမ်းတွေ အရ ပျူမြို့တွေဟာ ကျယ်ပြန့်စွာရှိနေခဲ့ပြီး မြောက်ဘက်မှာ နန်ကျောင်၊ အရှေ့ဘက်မှာ ကမ္ဘောဇ၊ တောင်ဘက်မှာ ပင်လယ်၊ အရှေ့တောင်မှာ ဒွါရဝတီ (ရှေးက ထိုင်းနိုင်ငံ) အထိ ကျယ်ပြန့်စွာရှိတယ် လို့ဆိုတယ်။ ခရစ်သက္ကရာဇ် ၈၃၂ မှာ နန်ကျောင်ဘုရင် ချွမ်ဖမ်ယို့ ရဲ့ တပ်တွေ ဝင်ရောက်မီးရှို့ဖျက်စီးပြီးတဲ့ နောက်မှာ ပျူမြို့ပြတွေဟာ တစစီပြိုကွဲခဲ့ရတယ်။ ပျက်စီးခဲ့တာ သရေခေတ္တရာမြို့ လို့ဆိုပေမည့် တချို့စာတွေမှာတော့ ဟန်လင်းဖြစ်နိုင်တယ်လို့ ဆိုတယ်။ ဒါတင်မက နန်ကျောင်တပ်တွေ ခရစ်သက္ကရာဇ် ၈၃၅ မှာ တစ်ကြိမ်ထပ်ဝင်လာပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်က မွန်မြို့ဟောင်း မဲချဲန် (Me Cheng) ကို ဖျက်စီးခဲ့ပြန်တယ်။ ဒါထက်ပိုပြီး စဉ်းစားရရင် နန်ကျောင်တပ်တွေ မြောက်ဘက် ယူနန်ကနေ သရေခေတ္တရာထိ ဧရာဝတီမြစ်ဝကျွန်းပေါ်ထိ ဆင်းပြီးတိုက်ခိုက်ခဲ့တာ တကောင်း၊ ဟန်လင်း၊ မိုင်းမော စတဲ့ ပျူမြို့လည်း အလွတ်ပေးခဲ့မှာ မဟုတ်ဘူးလို့ မှန်းဆမိတယ်။ ဒါကြောင့် ပျူမြို့ပြတွေဟာ မီးလောင်ပျက်စီးခဲ့တယ် လို့ဘဲ သုတေသနတူးဖေါ်မှုတွေမှာ တွေ့ကြရတယ်။ နန်ကျောင်တို့ရဲ့ တိုက်ခိုက်ဖျက်စီးမှုကို နှစ်ကြိမ်ခံလိုက်ရပြီးတဲ့နောင်မှာ ပျူတို့ဟာ မြို့ပြတွေ ပြန်လည်ထူထောင်နိုင်ခြင်း မရှိတော့ပါဘူး။
အဲဒီ ၉ ရာစုနောက်ပိုင်းကာလမှာ ပျူမြို့ပြတွေမရှိတော့ဘဲ ပျူတွေဟာ နေရာအနှံ့ပြန့်ကြဲရောက်ရှိရင်း ဟိုးအရင်ရှိထားပြီးသား စိုက်ပျိုးမွေးမြူရေးခေတ်ထဲက အခြေချနေထိုင်နေသူတွေရယ် မြန်မာပြည်မြောက်ဘက် ကုန်းမြင့်တွေက နောက်ထပ် ရောက်လာတဲ့ ချီအင် (ဂျီယံ) အနွယ်တွေရယ်နဲ့ ပူးပေါင်းပြီးနေခဲ့ကြတယ် လို့ဆိုတယ်။ သမိုင်းပညာရှင်တွေ အတော်များများ လက်ခံထားတဲ့ အချက်က အဲဒီ တိဗက်-ဗမာ (Tibeto-Burman) အနွယ်လူမျိုးတွေဖြစ်တဲ့ ချီအင်လူမျိုးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ဝန်းကျင် (ဘီစီ ၂၅၁၅) မှာ မြန်မာပြည်မြောက်ဘက်မှာရှိတဲ့ Yellow river မြစ်ဝှမ်း အလယ်ပိုင်းမှာ ရှိနေခဲ့ကြပြီး တဖြည်းဖြည်းနဲ့ တောင်ဘက်ပြောင်းရွေ့ ခဲ့ကြတယ်။ အဲဒီလူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ဝန်းကျင် (ဘီစီ ၈၅၀) လောက်ကထဲက မြန်မာပြည်မြောက်ဖျားကို စတင်ဝင်ရောက်ခဲ့ကြတယ်။ နန်ကျောင်တို့ ပျူတွေကို ဝင်တိုက်ခိုက်တဲ့အချိန် ခရစ်သက္ကရာဇ် ၉ ရာစုမှာတော့ သံလွင်မြစ်နဲ့ နမိုင်ခ မြစ်ဝှမ်းများအတိုင်း ဝင်ရောက်ခဲ့ကြတယ်။ ကျောက်ဆည်ဝန်းကျင်မှာ အခြေချခဲ့ပြီး အခု မြစ်သာလို့ ခေါ်တဲ့အရပ်ရယ် မင်းဘူးလို့ ဖြစ်လာတဲ့ အရပ်တွေမှာ တိုးပွားနေထိုင်ခဲ့ကြတယ်။ အဲဒီ ပျူတွေရယ် ရှေးမွန်မဆွ ရှိထားပြီးသားမြန်မာတွေရယ် ချီအင်တွေရယ်ကို ယနေ့ခေတ်မြန်မာတို့ရဲ့ဘိုးဘွားများလို့ ယူဆကြတယ်။ ဒီနေရာမှာ မြန်မာသမိုင်းပညာရှင်များအကြားမှာ အခုအချိန်ထိ အငြင်းပွားစရာ အယူအဆ တစ်ခုထည့်ပြောချင်တယ်။ မြန်မာအစဟာ ကျောက်ဆည်က ဖြစ်တယ်လို့ သမိုင်းပညာရှင်တစ်ချို့က ယူဆခဲ့ကြတယ်။ ဆိုလိုတာ ခရစ်သက္ကရာဇ် ၉ ရာစုမှာ မြန်မာပြည်မြောက်ဘက်က ဆင်းလာတဲ့ ချီအင် တို့ဟာ ကျောက်ဆည်နယ်မှာ အခြေစိုက်ပြီး ဧရာဝတီမြစ်ဝှမ်းတလျှောက်နဲ့ ရခိုင်တောင်တန်းများဆီကို ယပ်တောင်လို နေရာအနှံ့ ပြန့်ထွက်သွားတယ်လို့ ယူဆခဲ့ကြတယ်။ ဒီအယူအဆကို လက်မခံတဲ့ ပညာရှင်တွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။
စဉ်းစာမိတာက ရှေးမြန်မာတွေဟာ ကျောက်ခေတ် ကြေးခေတ် သံခေတ်ကစလို့ ပျူမြို့ ပြများထွန်းကားခဲ့စဉ်ကာလ ကတဲက ရှိနေနှင့်ကြပြီးသား။ ပျူမြို့ ပြတွေ မပျက်စီးချိန်မှာ ပေါကာမ လို့ခေါ်တဲ့ ပုဂံဟာ ပျူမြန်မာမြို့အနေနဲ့ ရှိပြီးသား။ ပျူမြို့ ပြတွေ ပျက်စီးတဲ့အချိန် ခရစ်သက္ကရာဇ် ၈၃၂ မှာ ပုဂံပြည်မှာ ခဲလူးမင်း (ခရစ်သက္ကရာဇ် ၈၂၉ - ၈၄၆) အုပ်စိုးနေချိန်။ ပျူတွေဟာ သူတို့နဲ့ အမျိုးနွယ်တူတဲ့ ပုဂံကို ရောက်ရှိခဲ့ကြမယ်။ အဲဒီ နန်ကျောင်ရဲ့ ရန်ကြောင့်ရောက်ရှိလာတဲ့ ပျူတွေရယ် ရှိထားပြီးသား ရှေးဦးမြန်မာတို့ရယ် ထပ်ရောက်လာတဲ့ ချီအင်တို့ရယ်ဟာ ပုဂံမှာ အားလုံး ပေါင်းမိကြမယ်။ အဲဒီ အချိန်လောက်က စပြီး ပုဂံပြည် ထွန်းကားခဲ့တဲ့ အချိန်ရောက်လာခဲ့တယ် လို့ယူဆမိပါတယ်။ နန်ကျောင်တွေ ဝင်တိုက်ပြီး ၁၄ နှစ် အကြာမှာ ပုဂံမှာ ပျဉ်ပြားမင်း (ခရစ်သက္ကရာဇ် ၈၄၆-၈၇၈) နန်းတက်လာတယ်။ ပျဉ်ပြားမင်း တည်ဆောက်ခဲ့တဲ့ သရပါတံခါး ကလည်း အခုအချိန်ထိ အထင်အရှား တည်ရှိနေဆဲ။ ပျဉ်ပြားမင်း လွန်တဲ့နောက်မှာတော့ တန်နက်မင်း၊ စလေငခွေးမင်း၊ သိန်းခိုမင်း၊ တောင်သူကြီးမင်း၊ ကွမ်းဆော်မင်း၊ ကြီးစိုးမင်း၊ စုက္ကတေးမင်း နဲ့ ပြီးတော့ အနော်ရထာလို့ခေါ်တဲ့ အနိရုဒ္ဓမင်းကြီး ခရစ်သက္ကရာဇ် ၁၀၄၄ မှာ နန်းတက်လာခဲ့တယ်။
နောက်ဆုံးပြောချင်တဲ့ အကြောင်းတစ်ခုကတော့ ပျူနဲ့ မြန်မာ အတူတူပါလို့ ဆိုနေကြတဲ့ အယူအဆ တစ်ခုပါဘဲ။ အဲဒါကိုကြားတော့ ထိလိုင်မင် လို့ခေါ်တဲ့ ကျန်စစ်သားမင်းကြီးရဲ့ သားတော် ရာဇကုမာရ်ရဲ့ မြစေတီကျောက်စာကို ပြေးမြင်မိတယ်။ မြစေတီကျောက်စာမှာ ဘာသာစကား ၄ မျိုး ပျူ၊ မွန်၊ ပါဠိ၊ မြန်မာ ဘာသာတွေနဲ့ ရေးထိုးထားခဲ့တာ။ ကိုယ်ပိုင်စကား ကိုယ်ပိုင်စာပေ ရှိခဲ့တဲ့ ပျူတို့ဟာ မြန်မာတို့ရဲ့ ဘိုးဘွားတွေပါ။ ဒါပေမဲ့ ပျူ နဲ့ မြန်မာ မတူကြလို့ဘဲ နားလည်မိပါတယ်။
အေးအေးချမ်းချမ်းနေတတ်တဲ့ ဘာသာတရားကိုလေးစားယုံကြည်တဲ့ ဂီတကိုမြတ်နိုးတတ်တဲ့ ပျူတို့ရဲ့ သွေးတွေ၊ တိုက်ခိုက်ရေးကောင်းတဲ့ မြင်းစီးကျွမ်းတဲ့ ချီအင်တဲ့ရဲ့သွေးတွေ၊ ဓားမဦးချမြေမှာဘဲနေတတ်တဲ့ မိမိဘိုးဘွားမြေကို ချစ်မြတ်နိုးတတ်တဲ့ ရှေးမြန်မာတို့ရဲ့သွေးတွေဟာ အခု မြန်မာတို့ရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေဆဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ကိုးကား
(၁) ဦးကုလား၊ မဟာရာဇဝင်ကြီး၊ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်၊ ၂၀၀၆။
(၂) မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ရန်ကုန်၊ ပြည်ကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်၊ ၁၉၉၂။
(၃) ဦးဖိုးကျား၊ ခေတ်မှီမြန်မာရာဇဝင်အကျဉ်း၊ ၁၉၃၇။
(၄) ဒေါက်တာသန်းထွန်း၊ ပျူတွေဘယ်ပျောက်သွားသလဲ၊ ရန်ကုန်၊ သ်ီရိဆွေစာအုပ်တိုက်၊ ၂၀၀၅။
(၅) ဒေါက်တာသန်းထွန်း၊ ခေတ်ဟောင်းမြန်မာရာဇဝင်၊ ရန်ကုန်၊ မဟာဒဂုံစာပေထုတ်ဝေရေး၊ ၁၉၆၉။
(၆) ချစ်စံဝင်း၊ မြန်မာအစအထောက်အထားလေ့လာချက်စာတန်း၊ ရန်ကုန်၊ မြဝတီစာပေတိုက်၊ ၂၀၀၃။
(ရ) ဦးမောင်မောင်ကြီး၊ ကမ္ဘာ့သမိုင်းအခြေပြ၊ ရန်ကုန်၊ အမြင်သစ်စာပေ။
(၈) ဗိုလ်မှုးဘရှင်၊ အနော်ရထာအရင်က မြန်မာနိုင်ငံ၊ ရန်ကုန်၊ ဆွေဆွေမော်စာပေ၊ ၁၉၇၅။
(၉) ဦးသန်းဆွေ၊ ဦးစိန်မောင်ဦး၊ ဦးအောင်သော်၊ ဦးမြင့်အောင်၊ ရှေးဟောင်း မြန်မာ မြို့တော်များ၊ ပြန်ကြာရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၁၉၉၃။
ကိုးကား
(၁) ဦးကုလား၊ မဟာရာဇဝင်ကြီး၊ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်၊ ၂၀၀၆။
(၂) မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ရန်ကုန်၊ ပြည်ကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်၊ ၁၉၉၂။
(၃) ဦးဖိုးကျား၊ ခေတ်မှီမြန်မာရာဇဝင်အကျဉ်း၊ ၁၉၃၇။
(၄) ဒေါက်တာသန်းထွန်း၊ ပျူတွေဘယ်ပျောက်သွားသလဲ၊ ရန်ကုန်၊ သ်ီရိဆွေစာအုပ်တိုက်၊ ၂၀၀၅။
(၅) ဒေါက်တာသန်းထွန်း၊ ခေတ်ဟောင်းမြန်မာရာဇဝင်၊ ရန်ကုန်၊ မဟာဒဂုံစာပေထုတ်ဝေရေး၊ ၁၉၆၉။
(၆) ချစ်စံဝင်း၊ မြန်မာအစအထောက်အထားလေ့လာချက်စာတန်း၊ ရန်ကုန်၊ မြဝတီစာပေတိုက်၊ ၂၀၀၃။
(ရ) ဦးမောင်မောင်ကြီး၊ ကမ္ဘာ့သမိုင်းအခြေပြ၊ ရန်ကုန်၊ အမြင်သစ်စာပေ။
(၈) ဗိုလ်မှုးဘရှင်၊ အနော်ရထာအရင်က မြန်မာနိုင်ငံ၊ ရန်ကုန်၊ ဆွေဆွေမော်စာပေ၊ ၁၉၇၅။
(၉) ဦးသန်းဆွေ၊ ဦးစိန်မောင်ဦး၊ ဦးအောင်သော်၊ ဦးမြင့်အောင်၊ ရှေးဟောင်း မြန်မာ မြို့တော်များ၊ ပြန်ကြာရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၁၉၉၃။
No comments:
Post a Comment