မြန်မာသက္ကရာဇ်ကပြောသော မြန်မာနိုင်ငံသမိုင်း (၁)
====================================
====================================
မြန်မာ့သမိုင်းစာအုပ်တွေဖတ်ရင် အရင်ဆုံးမျက်စိလည်မိတာ သက္ကရာဇ်တွေ။ စာတွေဖတ်လိုက်ရင် အများအားဖြင့် သက္ကရာဇ်လို့ဘဲ ရေးကြတော့ မြန်မာသက္ကရာဇ်လား ခရစ်သက္ကရာဇ်လား မသိ။ အဲဒီတော့ မြန်မာဘုရင်တွေ ဘယ်သူကအရင် ဘယ်သူကနောက်လဲ မသိ။ အဲဒီတော့ အဖြစ်အပျက်တွေလဲ အရောရော အမှားမှားဖြစ်။ ဒီထဲမှာ သာသနာသက္ကရာဇ် ဆိုတာနဲ့ ကောဇာသက္ကရာဇ် ဆိုတာ ပါလာတော့ ပိုဆိုးတာပေါ့။ ကိုယ့်ကိုတိုင်ကလည်း ခရစ်သက္ကရာဇ် လောက်သာ အကျွမ်းတဝင်ရှိတော့ အခက်အခဲတွေဖြစ်ခဲ့တယ်။ ကိုယ်လေ့လာထားတဲ့ သမိုင်းဆိုတာ စ မဆွေးနွေးခင် သက္ကရာဇ်အကြောင်းနဲနဲနားလည်အောင် ကြိုးစားကြည့်တဲ့သဘောပါဘဲ။
.
.
ခရစ်သက္ကရာဇ်က နားလည်ဖို့ ပိုလွယ်တယ်။ မှတ်စရာ နှစ်မျိုးဘဲရှိပါတယ်။ AD ဆိုတာနဲ့ BC လို့ခေါ်တယ်။ AD ဆိုတာ လက်တင်စာက ဆင်းသက်လာတယ်လို့ ဆိုတယ်။ အရှည်က anno domini ၊ အဓိပ္ပာယ်က in the year of the Lord လို့ ဆိုပါသတဲ့။ Jesus Christ မွေးဖွားတဲ့နှစ်ကို AD ၁ လို့ သတ်မှတ်တယ်။ အခု ၂၀၁၆ ဆိုတာ Jesus Christ မွေးဖွားပြီးလို့ နှစ်ပေါင်း ၂၀၁၆ ရှိပြီလို့ ဆိုတာပေါ့။ အခုနောက်ပိုင်း AD အစား CE (Common Era) လို့ ပြောင်းသုံးကြတယ်။
.
.
BC အရှည်က Before Christ ၊ အဓိပ္ပါယ်က Jesus Christ မမွေးခင်နှစ်များပေါ့။ BC က နောက်ပြန်တွက်ပြီးပြောကြတယ်။ AD ၁ မတိုင်ခင်နှစ်က BC ၁ ပေါ့။ ဥပမာထပ်ပေးရရင် ဆိုကရေးတီး ဆိုတဲ့ ဂရိဒဿနပညာရှင်ဟာ ၄၇၀ BC မှာမွေးဖွားပြီး ၃၉၉ BC မှာ သေဆုံးတယ်။ ဆိုလိုတာ ဆိုကရေးတီးဟာ Jesus Christ မမွေးခင် နှစ် ၄၇၀ မှာ မွေးဖွားပြီး Jesus Christ မမွေးခင် နှစ် ၃၉၉ မှာ သေဆုံးတယ် (အဲဒီတော့ အသက် ၇၁ နှစ်ရှည်ခဲ့တယ်ပေါ့)။ အခုနောက်ပိုင်း BC အစား BCE (Before the Common Era) လို့ ပြောင်းသုံးကြတယ်။
.
.
မြန်မာသက္ကရာဇ်ဟာ သာသနာသက္ကရာဇ်က ဆင်းသက်လာခဲ့တယ်။ သာသနာသက္ကရာဇ်က မဟာသက္ကရာဇ်က ဆင်းသက်လာခဲ့တယ်။ မဟာသက္ကရာဇ်က ရှေးဟောင်းအိန္ဒိယသက္ကရာဇ်က ဆင်းသက်ခဲ့တယ်။
.
.
ဂေါတမမြတ်စွာဘုရားမဖွားမီ ၆၈ နှစ် အလိုမှာ အိန္ဒိယတိုင်း ကောလိယပြည့်ရှင် အဉ္စနဘုရင် (King Anjana) က ရှေးဟောင်းအိန္ဒိယသက္ကရာဇ်ကို ဖြိုပြီး မဟာသက္ကရာဇ် ၁ ကစရေတွက်တယ် (Reference ၁) ။ ဂေါတမမြတ်စွာဘုရားဟာ မဟာသက္ကရာဇ် ၆၈ မှာ ဖွားတော်မူပြီး ၁၄၈ မှာ ပရိနိဗ္ဗာန်စံတော်မူတယ်။ ပရိနိဗ္ဗာန်စံပြီး (၄) လ အကြာမှာ ပထမသင်္ဂါယနာတင်တယ်။ အဲဒီနှစ်ကို သာသနာသက္ကရာဇ် ၁ နှစ် အဖြစ်သတ်မှတ်တယ်။ အဲဒီနောက်ပိုင်း သာသနာသက္ကရာဇ်ကို ဆက်တိုက်သုံးခဲ့ကြတယ်။
.
.
သာသနာသက္ကရာဇ် ၆၂၄ ရောက်တဲ့ အခါ မြန်မာနိုင်ငံ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရာဇ်မင်း လက်ထက်မှာ သက္ကရာဇ်ဖြိုတယ်။ ၆၂၄ နှစ်က ၆၂၂ ကိုဖြိုပြီး ၂ နှစ်က စတင်ပြီးရေတွက်တယ်။ အဲဒါကို ကောဇာသက္ကရာဇ်လို့ ခေါ်ကြတယ်။ တချို့စာတွေမှာတော့ မြန်မာသက္ကရာဇ်လို့ရေးကြတယ် (ဆိုလိုတာ ကောဇာသက္ကရာဇ် နဲ့ မြန်မာသက္ကရာဇ် ကို အတူတူလို့ဘဲ ရေးကြတယ် (Reference ၂) ။ တချို့စာအုပ်တွေမှာ သရေခေတ္တရာသက္ကရာဇ်လို့ ရေးတယ်။ တချို့စာတွေမှာ သုမုန္ဒီရာဇ်သက္ကရာဇ်လို့ ရေးကြတယ်။ တချို့စာတွေမှာ သက္ကရာဇ်လို့ဘဲ ရေးကြတယ်။
.
.
ကောဇာသက္ကရာဇ် ၅၆၂ မှာ ပုဂံဘုရင် ပုပ္ပါးစောရဟန်းမင်းလက်ထက်ရောက်လာတော့ သက္ကရာဇ်ထပ်ဖြိုပြန်တယ်။ (၅၆၀) နှစ်ကိုဖြိုပြီး (၂) နှစ်က ပြန်စရေတွက်တယ်။ အဲဒါ အခု မြန်မာ ပြက္ခဒိန်တွေမှာတွေ့ရတဲ့ မြန်မာသက္ကရာဇ် ပါဘဲ။ အဲဒီကစပြီး မြန်မာသက္ကရာဇ် အဖြစ်ရေတွက်ခဲ့ကြတာ အခုထိဘဲဆိုပါတော့။
.
.
မြန်မာသက္ကရာဇ်နဲ့ ခရစ်သက္ကရာဇ်တို့ ဆက်စပ်နေပုံလေး ကြည့်ရအောင်။ ဂေါတမမြတ်စွာဘုရားက ၆၂၃ BC မှာ မွေးဖွားပြီး ၅၄၃ BC မှာ ပရိနိဗ္ဗာန်စံတော်မူတယ်။ ဆိုလိုတာ ဂေါတမမြတ်စွာဘုရားဟာ Jesus Christ မမွေးခင် ၅၄၃ မှာ ပရိနိဗ္ဗာန်စံခဲ့တယ်။ အဲဒီတော့ ခရစ်သက္ကရာဇ် ကို (၅၄၄) နှစ်ပေါင်းလိုက်ရင် သာသနာသက္ကရာဇ် ရတယ်။ အဲဒီလိုပါဘဲ။ ခရစ်သက္ကရာဇ် ကို (၆၃၈) နှစ် နှုတ်ရင် မြန်မာသက္ကရာဇ် ရတယ်။
ခရစ်သက္ကရာဇ် ၂၀၁၆ + ၅၄၄ = သာသနာသက္ကရာဇ် ၂၅၆၀
ခရစ်သက္ကရာဇ် ၂၀၁၆ - ၆၃၈ = မြန်မာသက္ကရာဇ် ၁၃၇၈
.
.
ဥပမာပေးရရင် မြန်မာသမိုင်းတွေဖတ်တဲ့အခါ “အလောင်းမင်းတရားသည် ၁၁၁၇-ခုနှစ်တွင် ဒဂုံကို အောင်မြင်ပြီးနောက် ရန်အပေါင်းကို ကုန်စင်အောင် လုပ်ကြံတော်မူမည်ဟု အမိန့်ရှိ၍ ရန်ကုန် ဟု သမုတ်တော်မူသည်” လို့တွေ့ခဲ့ရင် ရန်ကုန်လို့ နာမည်ပေးခဲ့တာ ခရစ်သက္ကရာဇ် ၁၇၅၅ (၁၁၁၇ + ၆၃၈) လို့ ဆိုလိုတာပေါ့။
.
.
No comments:
Post a Comment