Tuesday, August 21, 2018



မင်းမြတ်အနော်ရထာ သို့မဟုတ် အဖေချစ်တဲ့သား မင်းစော
========================================
.
အနော်ရထာမင်းကြီး ကို ပထမမြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ မင်းအဖြစ်အားလုံး သိကြတယ်။ ပုဂါရာမ လို့ခေါ်တဲ့ ပုဂံနေပြည်တော်ကြီးကို အခြေပြုပြီး တစ်နိုင်ငံလုံးကို စည်းရုံးခဲ့တယ်။ အဲဒီခေတ်က မြန်မာနိုင်ငံ အကျယ်အဝန်းဟာ အခုလက်ရှိ မြန်မာနိုင်ငံ နယ်နမိတ်နီးပါးရှိတယ်လို့ သမိုင်းကဆိုတယ် (Reference 1) ။ အနော်ရထာမင်းကြီးရဲ့အကြောင်း သမိုင်း အဆောင်ဆောင်မှာပါပြီးသားမို့ အထူးမရေးတော့ပါဘူး။ ခရစ်သက္ကရာဇ် ၁၀၄၄ မှာ နန်းတက်ခဲ့တာကစလို့ စစ်သူကြီး ၄ ယောက်နဲ့ အတူ တိုင်းပြည်ကို တည်ဆောက်ခဲ့တာ၊ ထေရဝါဒဗုဒ္ဓဘာသာကို ရှင်အရဟံ အကူအညီနဲ့ ပြန့်ပွားစေခဲ့တာ၊ သာသနာသန့်ရှင်းရေး လုပ်ခဲ့တာကစလို့ နောက်ဆုံး တိုက်ပွဲဝင်ရင်း သေဆုံးခဲ့တာတွေဟာ မြန်မာတို့အတွက် ဂုဏ်ယူစရာ သမိုင်းကြောင်းပါဘဲ။ အချို့သမိုင်းစာတွေမှာတော့ ကျွဲခတ်လို့ သေဆုံးတယ်လို့ဆိုတယ် (Reference 2) ။
.
အနော်ရထာမင်းကြီးရဲ့ လူသိများတဲ့သမိုင်းကြောင်းတွေအပြင် အခြားလူသိနည်းတဲ့ သမိုင်းကြောင်းတွေလည်း နဲနဲပြောချင်ပါတယ်။ မိဘကျေးဇူးကို သိတတ်တဲ့သား၊ ဖခင်ရဲ့ ဂုဏ်သိက္ခာအတွက်၊ မိခင်ရဲ့ အရှက်သိက္ခာအတွက် ကာကွယ်စောင့်ရှောက်ခဲ့တဲ့သား၊ ဆိုတဲ့ အကြောင်းလေးတွေ နဲနဲပြောပြချင်တယ်။
.
သမိုင်းကြောင်းလေး နဲနဲပြန်စရရင် အနော်ရထာမင်းကြီးရဲ့ငယ်နာမည် မင်းစော။ မင်းစော ရဲ့ ခမည်းတော် ကွမ်းဆော်ကြောင်းဖြူမင်းဟာ ခရစ်သက္ကရာဇ် ၁၀၀၁ မှာ ပုဂံမှာ နန်းတက်ခဲ့တယ်။ သူ့အရင် ပုဂံမင်း ညောင်ဦးစောရဟန်းမင်း ကွယ်လွန်လို့ ကျန်ခဲ့တဲ့ ညီအမ မိဖုရား ၃ ပါးကို မိဖုရားဆက်မြောက်တယ်။ တောင်ပြင်သည်မိဖုရား နဲ့ အလယ်ပြင်သည်မိဖုရား တို့မှာ ညောင်ဦးစောရဟန်းမင်းနဲ့ ရတဲ့ ကိုယ်ဝန်ပါလာခဲ့တယ်။ မကြာမတင် တောင်ပြင်သည်မိဖုရားက ကျည်စိုးမင်းသားကို ခရစ်သက္ကရာဇ် ၁၀၀၁ မှာ မွေးဖွားတယ်။ အလယ်ပြင်သည်မိဖုရားက လပိုင်းဘဲခြားပြီးတော့ စုက္ကတေးမင်းသားကို မွေးဖွားတယ် ။ ဆိုလိုတာ ကျည်စိုးမင်းသား နဲ့ စုက္ကတေးမင်းသား တို့ဟာ အဖေတူ အမေကွဲ ညီအကိုတွေ၊ သူတို့ရဲ့ ခမည်းတော်က ညောင်ဦးစောရဟန်းမင်းပေါ့။ ညီမအငယ်ဆုံး မြောက်ပြည်သည်မိဖုရားက ကွမ်းဆော်ကြောင်းဖြူမင်းနဲ့ ရတဲ့သား မင်းစောမင်းသားကို ခရစ်သက္ကရာဇ် ၁၀၁၄ မှာ မွေးဖွားတယ်။ အဲဒီတော့ ကျည်းစိုးမင်းသား နဲ့ စုက္ကတေးမင်းသားတို့ဟာ မင်းစောမင်းသားရဲ့ အကိုဝမ်းကွဲတွေပေါ့။
.
ကျည်းစိုးမင်းသား နဲ့ စုက္ကတေးမင်းသားတို့ အရွယ်ရောက်လာတဲ့အခါ ကွမ်းဆော်ကြောင်းဖြူမင်းကို ရဟန်း အတင်းဝတ်ခိုင်းပြီး ခရစ်သက္ကရာဇ် ၁၀၂၁ မှာ ထီးနန်းက ချလိုက်တယ်။ အဲဒီ အချိန်မှာ မင်းစောမင်းသားလေးဟာ အသက် ၆ နှစ်သားဘဲရှိသေးတယ်။ ခမည်းတော် နန်းကျဘုရင်ကြီးနဲ့ မယ်တော် မြောက်ပြင်သည်တို့အတူ ရဟန်းကျောင်းလေးမှာ လိုက်နေရတယ်။ မင်းစောမင်းသား အရွယ်ရောက်လာချိန် နန်းတော်ထဲ ဝင်ထွက်သွားလာနေတဲ့ တစ်နေ့မှာ စုက္ကတေးဘုရင်က လူတွေရှေ့မှာ ညီနောင်သားမယ်လို့ စ နောက်ပြီး ခေါ်လိုက်တယ်။ အဓ္ဓိပါယ်က မင်းစောရဲ့ မယ်တော် မြောက်ပြင်သည်မိဖုရားဟောင်းကို သူ သိမ်းပိုက်မယ်လို့ စ လိုက်တာ။ အဲဒီမှာ မင်းစောက ခမည်းတော်ကို နန်းချခဲ့တဲ့ အချက် မယ်တော် သိမ်းပိုက်မယ်လို့ လူတွေရှေ့မှာ စ နောက်တာ တစ်ကြောင်းကြောင့် စိတ်ဆိုးပြီး ပုန်ကန်မယ်ဆိုတဲ့ အကြံနဲ့ ပုပ္ပါးအရပ်ကို ရှောင်တိမ်းသွားတယ်။ အဲဒီတော့မှ စုက္ကတေးဘုရင်က စိတ်ဆိုးပြီး မင်းစောမင်းသားရဲ့မယ်တော် မြောက်ပြင်သည်မိဖုရားဟောင်းကို သိမ်းပိုက်လိုက်တယ် (Reference 3) ။
.
မင်းစောမင်းသား ပုပ္ပါးအရပ်ကို မထွက်ခင်မှာ ခမည်တော်ကွမ်းဆော်ကြောင်းဖြူက အရိန္ဒမာလှံ၊ သီလဝဓား၊ ပတ္တမြားလက်စွပ်၊ ပတ္တမြားဥသျှောင်ကျင်တို့ကို ပေးလိုက်လိုက်တယ်လို့ဆိုတယ် (Reference 4) ။ ခရစ်သက္ကရာဇ် ၁၀၄၄ မှာ မင်းစောဟာ ပုပ္ပါးအရပ်က စုစည်းညီညွတ်ထားတဲ့ ရဲမက်တွေနဲ့ ပုဂံမြို့တော်ကို ချီတက်လာပြီး ရာဇသံပေးတယ်။ နန်းအပ်မလား တစ်ယောက်ချင်းရင်ဆိုင် စီးချင်းထိုးမလားပေါ့။ ဒီမှာ မင်းစောမင်းသားရဲ့ သူရဲကောင်းတို့ နှလုံးသားကို တွေ့နိုင်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ မနစ်နာစေနဲ့။ မင်းယောက်ျားချင်း စီးချင်းထိုးမယ်လို့ တောင်းဆိုခဲ့တာတွေ့နိုင်ပါတယ်။
.
တိုတိုပြောရရင် စုက္ကတေးဘုရင်နဲ့ မင်းစောမင်းသားနဲ့ သမထီးချောင်းကမ်းပါးလွင်ပြင် စီးချင်းထိုးခဲ့ကြတယ်။ သိန္ဓောလို့ခေါ်တဲ့မြင်းညိုကြီးစီးလာတဲ့ စုက္ကတေးဘုရင်ရယ် ခန္တီကလက်လှလို့ခေါ်တဲ့ မြင်းဖြူကြီးစီးလာတဲ့ မင်းစောမင်းသားရယ် သမထီးချောင်းကမ်းပါးလွင်ပြင်မှာ လှံကိုယ်စီစွဲလို့ ရင်ဆိုင်ခဲ့တယ်။ စုက္ကတေးဘုရင်ဘက်က ပါလာတဲ့ ပုဂံနန်းတော်ထဲက ရဲမက်တွေရယ်၊ မင်းစောမင်းသားကို ဝိုင်းရံပြီးပါလာတဲ့ ပုပ္ပါးနယ်သားရဲမက်တွေရယ်၊ ပြီးတော့ ပုဂံပြည်သူတွေရဲ့ မျက်စေ့အောက်မှာဘဲ စုက္ကတေးဘုရင်ဟာ မင်းစောမင်းသား ပစ်လွတ်လိုက်တဲ့ အရိန္ဒမာလှံ ရင်ထဲကို ရှေ့မှနောက် ဖေါက်ထွင်းဝင်ရင်းကျဆုံးခဲ့တယ်။ ဒီနေရာမှာလဲ မင်းစောမင်းသားရဲ့ သူရဲကောင်းနှလုံးသားကို တစ်ခါတွေ့ရပြန်တယ်။ နှစ်ဦးသားရင်ဆိုင်ကြအသေသတ်ကြတဲ့ပွဲမှာ မင်းစောမင်းသားဟာ သူ့ထက်အကြီး အကိုဝမ်းကွဲ စုက္ကတေးဘုရင်ကို အရင်တိုက်ခွင့်ပေးခဲ့တယ်။ စုက္ကတေးဘုရင်ပစ်လွတ်လိုက်တဲ့ လှံချက်လွဲသွားမှ တိုက်ခိုက်ခဲ့တယ်။
.
စီးချင်းထိုးပွဲကိုအောင်နိုင်ခဲ့တဲ့ မင်းစောမင်းသားဟာ နန်းတော်ကိုတက် အောင်ပွဲခံခဲ့တာ မဟုတ်ဘူး။ နန်းကျဘုရင် ခမည်းတော်ရဲ့ ရဟန်းကျောင်းလေးဆီ မူးမတ် ပြည်သူတွေနဲ့ အတူတကွသွားခဲ့တယ်။ ပြီးတော့ နန်းကျခဲ့တဲ့ ခမည်းတော်ဘုရင်ကြီးကို နန်းပြန်တက်ဖို့ လျှောက်ထားခဲ့တယ်။ သက်တော် ၈၀ ကျော်လို့ ၉၀ နားကပ်နေပြီဖြစ်တဲ့ ခမည်းတော်က ငါ့အသက်အရွယ်ကြီးပြီ၊ အမောင်သာမင်းပြုတော့လို့ ခွင့်ပေးခဲ့တယ်။ အဲဒီကျမှ မင်းစောမင်းသားဟာ အနော်ရထာမင်းတရားကြီး (Sanskrit ဘာသာဖြင့် အနုရုဒ္ဒ Aniruddha) အဖြစ် ပုဂံထီနန်းကို သိမ်းပိုက်ခဲ့တယ်။ ပုဂံထီးနန်းကို လက်မခံတော့တဲ့ ခမည်းတော်ကို မင်းမြောက်တန်ဆာငါးပါးနှင့်တကွ မင်းဆောင်၊ မင်းယောင်၊ မင်းခမ်း၊ မင်းနား အကုန်ကျင်းပပြီးတော့ ရဟန်းမင်းအဖြစ်ပြုပေးပြီး မိဖုရား မောင်းမမိဿံတို့နဲ့ အတူ အဲဒီ ကျောင်းလေးမှာဘဲ နေဖို့ စီစဉ်ပေးတယ် (Reference 5) ။ ဒါတင်မက နန်းတက်ပြီး ၃ နှစ်အကြာမှာ သီရိပစ္စယာ အရပ်မှာ ကျောင်းဆောက်လုပ်ကာ ခမည်းတော်ကို ရေစက်ချလှုဒါန်းစေတယ်။ မင်းကြီးဟာ သားတော် အနော်ရထာမင်း ပေးကမ်းတဲ့ ရွှေရေကရားနဲ့ ရေစက်သွန်းချရင်း သင်ကြီးမဟာထေရ်ရဲ့ ရှေ့မှောက်မှာ ကျောင်းတော်ကို သာသနာတော် အတွက်လှုဒါန်းခဲ့တယ် (Reference 6) ။
.
ပြောချက်တာကတော့ ဒါပါဘဲ။ နှလုံးရည် လက်ရုံးရည်နဲ့ ပြည့်စုံတဲ့ အနော်ရထာမင်းကြီးဟာ အဖေ့ကို ချစ်တဲ့သား အဖေ့ကျေးဇူးကိုသိတတ်တဲ့သား တစ်ယောက်ဖြစ်တယ်ဆိုတာ ဖေါ်ထုတ်တင်ပြလိုက်ပါတယ်။
.
References
.
(1) Harrey GE (1925) History of Burma: From the Earliest to 10 March 1824. London: Frank Cass & Co. Ltd.)
(2) ဦးကုလား, မဟာရာဇဝင်, စာမျက်နှာ ၁၇၉
(3) မှန်နန်းရာဇဝင်, စာမျက်နှာ ၂၂၈
(4) ဦးကုလား, မဟာရာဇဝင်, စာမျက်နှာ ၁၅၃
(5) ဦးကုလား မဟာရာဇဝင် စာမျက်နှာ ၁၅၄
(6) တင်နိုင်တိုး, ပုဂံရွှေပြည်မှ သူရဲကောင်းများ, စာမျက်နှာ ၁၅

No comments:

Post a Comment