Monday, August 20, 2018



မြန်မာသက္ကရာဇ်ကပြောသော မြန်မာနိုင်ငံသမိုင်း (၁) အား ဆွေးနွေးခြင်း
==================================================
.
ခုနှစ်တွေ ရက်စွဲတွေနဲ့ ပတ်သက်ရင် ဆွေးနွေးစရာတွေ အတော် များများတော့ ရှိတယ်။ ဒါပေမဲ့ အရေးကြီးတယ် ထင်တာလေးတွေဘဲ ပြောချင်တယ်။
.
ပထမဆုံး သတိပြုမိတာက ဂေါတမမြတ်စွာဘုရား မွေးဖွားတဲ့ ခုနှစ်ပါ။ မြန်မာသမိုင်းစာအုပ်တွေမှာတော့ ၆၂၃ BC မှာ မွေးဖွားပြီး ၅၄၃ BC မှာ ပရိနိဗ္ဗာန်စံတော်မူတယ်လို့ဘဲတွေ့ရတယ်။ ဒါပေမဲ့ တချို့ စာတန်းမှာတော့ ၅၆၃ BC မှာ မွေးဖွားပြီး ၄၈၃ BC မှာ ပရိနိဗ္ဗာန်စံတော်မူတယ်လို့ဘဲတွေ့ရတယ် (Reference ၃) ။ တချို့စာအုပ်မှာတော့ ၄၈၀ BC မှာ မွေးဖွားပြီး ၄၀၀ BC မှာ ပရိနိဗ္ဗာန်စံတော်မူတယ်လို့ဘဲတွေ့ရတယ် (Reference ၄) ။ အဲဒီ ကွဲပြားချက်ကြောင့် သာသနာသက္ကရာဇ် မြန်မာသက္ကရာဇ် အတွက်အချက်တွေ ရောသွားနိုင်တယ်။ ကမ္ဘာ့သမိုင်းကြောင်းတွေနဲ့ ယှဉ်ကြည့်တဲ့အခါ အမှားအယွင်းတွေဖြစ်နိုင်ပါတယ်။
.
ဒုတိယ သတိထားမိတာကတော့ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရာဇ်မင်း နဲ့ ပျူတိုင်းရင်းသားတို့ အကြောင်းပါဘဲ။
.
ဦးကုလားရေးတဲ့ မဟာရာဇဝင်ကြီး နဲ့ မှန်နန်းမဟာရာဇဝင်တော်ကြီး မှာတော့ ပျူတို့ အကြောင်းကိုဖေါ်ပြရင် သရေခေတ္တရာ အကြောင်းသာ အဓိကထားပြီးဖေါ်ပြခဲ့ကြတယ်။ ပျူတို့ရဲ့ မြို့တော် သရေခေတ္တရာပြည်ကို ဒွတ္တဘောင်မင်းကြီးက သာသနာသက္ကရာဇ် ၁၀၁ မှာ တည်တယ်လို့ဆိုတယ် (Reference ၅၊ ၆) ။ အဲဒါ ၄၄၃ BC ပါ။ ဆိုလိုတာ ဒီမှတ်တမ်းတွေ အရ သရေခေတ္တရာပြည်ကြီးဟာ ခရစ်တော် မပေါ်မီ နှစ် ၄၀၀ ကျော်ထဲက ရှိနေပြီးသားပေါ့။ အဲဒီနောက် သရေခေတ္တရာပြည်ကို မင်းအဆက်ဆက် အုပ်စိုးခဲ့ကြပြီး သာသနာသက္ကရာဇ် ၆၁၇ (ခရစ်သက္ကရာဇ် ၇၃) မှာ သုမုန္ဒီရာဇ်မင်းနန်းတက်တယ်။ သက်တော် ၂၈ နှစ် (သာသနာသက္ကရာဇ် ၆၂၄၊ ခရစ်သက္ကရာဇ် ၈၀) မှာ ကွယ်လွန်တယ်။ သူကွယ်လွန်တဲ့နှစ် သာသနာသက္ကရာဇ် ၆၂၄ အရောက်မှာ ၆၂၂ နှစ်ကို ဖြိုပြီး ကောဇာသက္ကရာဇ် ၂ ကနေ ပြန်စရေတွက်တယ်။ အဲဒီနောက် သုပညာနာဂရဆိန္နမင်း လက်ထက် (ကောဇာသက္ကရာဇ် ၁၆ ၊ ခရစ်သက္ကရာဇ် ၉၄) မှာ လေပွေလာပြီး စကောလွင့်တာက စလို့ ငစကောစစ်လာတယ်ဆိုပြီး တိုင်းပြည်ပျက်တယ်လို့ဆိုတယ်။ အဲဒီတော့ ဒီစာတွေအရ သရေခေတ္တရာပြည်ကြီးဟာ ခရစ်သက္ကရာဇ် ၉၄ မှာ ပျက်တယ်လို့ ယူဆနိုင်စရာရှိတယ်။
.
ခေတ်သစ်သမိုင်းပညာရှင်တွေကတော့ ရှေးဟောင်းသုတေသနဌာနက မြို့ဟောင်းတူးဖေါ်လို့ရတဲ့ တွေ့ရှိမှုတွေကို အခြေခံပြီးရေးသားတယ်။ ပျူတို့ဟာ ခရစ်မပေါ်မီ ၃ ရာစုက ခရစ်ပေါ်ပြီး ၉ ရာစုထိ (၃၀၀ BC ကနေ AD 900) မြန်မာနိုင်ငံမှာ အခြေပြုခဲ့ကြတယ်လို့ တွေ့ရှိခဲ့ကြတယ်။ အဲဒီလို ပျူတို့ မြန်မာနိုင်ငံမှာ ခရစ်တော် မမွေးဖွားခင်နှစ် ၃၀၀၊ ၄၀၀ ကျော်ထဲက အခြေချပြီး မြို့ပြနိုင်ငံတွေထူထောင်ခဲ့တယ် ဆိုတဲ့အချက်ဟာ ဦးကုလားမဟာရာဇဝင်ကြီး၊ မှန်နန်းမဟာရာဇဝင်တော် နဲ့ ခေတ်သစ်သမိုင်းပညာရှင်တွေ အားလုံး တညီတညွတ်ထဲသဘောတူခဲ့ကြတယ်။ ပြောချင်တာ မြန်မာရာဇဝင်ဘယ်ကစလို့ မေးလာခဲ့ရင် အနော်ရထာမင်းလက်ထက် (ခရစ်သက္ကရာဇ် ၁၀၄၄) မဟုတ်၊ ပျူမြို့ပြနိုင်ငံတွေ (၄၀၀ BC ကျော်) က စခဲ့တယ်ဆိုတဲ့ အချက်ပါဘဲ။ ဒီအချက်ဟာ မြန်မာလူမျိုးတို့အတွက် အရေးကြီးတယ်လို့ထင်တယ်။
.
ပျူတို့ဟာ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ (ဂြီကွေတြ) ၊ မိုင်းမော (ထုမိန်) လို့ခေါ်တဲ့ ပျူမြို့တော်တွေ ထူထောင်ခဲ့ရုံမက အခြားပျူမြို့ (၃၂) မြို့၊ တပ်မြို့ (၉) မြို့ ထူထောင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်း နေခဲ့ကြတယ်။
.
ပျူတို့ဟာ ရွှေဘို ကနေ ပြည်မြို့နားတဝိုက်သာမက မြောက်ဘက်မှာ ရွှေလီမြစ်ညာမှ တောင်ဘက် မုတ္တမ ထိ၊ အရှေ့ဘက်မှာ ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ်အနောက်ကမ်းမှ အနောက်ဘက်မှာ ရေဦးမြစ်တစ်လျှောက် ထီးလင်း (ယောနယ် အနောက်ပိုင်း) အားလုံးဖြန့်နေခဲ့တယ် (Reference ၇) ။ သရေခေတ္တရာ (ဂြီကွေတြ) ဘုရားထောင်မှာတွေ့ရှိခဲ့တဲ့ ကျောက်အရိုးအိုးကြီနဲ့ ကျောက်စာအရ ပျူမင်းကြီး ၆ ပါးရဲ့ နာမည်တွေ သိခဲ့ရတယ်။ အဲဒီမင်းကြီးတွေဟာ ဗုဒ္ဓသာသနာတော်ကို စည်ပင်အောင်ဆောင်ရွက်ခဲ့ကြောင်း၊ ရဟန်းသံဃာတွေကို ပစ္စည်းလေးပါး လှူဒါန်းခဲ့ကြောင်း သိရတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ပျူတွေဟာ ပျူစာပေကို တည်ထွင်နိုင်ခဲ့တယ်။ ရိုးရာဓလေ့ကို အက္ခရာတင်ပြီး ဥပဒေကျမ်းအဖြစ် သုံးစွဲနိုင်ပြုစုခဲ့တယ်လို့ ဆိုတယ်။ ဒါ့ပြင် ကုန်စည်ကူးသန်းမှုကို တရုတ်ပြည်၊ အင်ဒိုနီးရှားပြည်၊ ရခိုင်နဲ့ ဘင်္ဂလားပြည်တွေထိရောက်ခဲ့တယ် ဆိုတာကြည့်ခြင်းအားဖြင့် ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားစွာရှိခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
.
ဒါပေမဲ့ ပျူမင်းတွေရဲ့ နာမည်တွေ နဲ့ နန်းတက်ခဲ့တဲ့ ခုနှစ်တွေကို ကြည့်ရင် ခေတ်ဟောင်းမြန်မာသမိုင်းတွေနဲ့ ခေတ်သစ်သမိုင်းပညာရှင်တွေရဲ့ ယူဆချက်တွေ တွေ့ရှိချက်တွေ မတူကြဘူး။ ခေတ်သစ်သမိုင်းစာတွေအရ ပျူသမိုင်းမှာ ပထမဆုံး ဒွတ္တဘောင် (တ္ဒဗံ့း) လို့ အမည်ခံတဲ့မင်းဟာ ဟရိဝိကြမ ဖြစ်ပြီး ခရစ်သက္ကရာဇ် ၁၂၀ မှာ ကွယ်လွန်တယ်လို့ဆိုတယ် (Reference ၇) ။ အရိုးအိုးနဲ့ ကျောက်စာတွေမှာတွေ့ရတဲ့ ပျူမင်းတွေရဲ့ နာမည်တွေကို ခေတ်ဟောင်းသမိုင်းစာတွေမှာ မတွေ့ရဘူး။ အဲဒီလိုပါဘဲ။ ခေတ်ဟောင်းသမိုင်းမှာပါတဲ့ သုမုန္ဒီရာဇ်မင်းအကြောင်း အခုထိ ခေတ်သစ်သမိုင်းဆရာတို့ ဖေါ်ပြတာမတွေ့ရသေးပါ။ ဖြစ်ဖို့များတာက ခေတ်သစ်သမိုင်းစာတွေဟာ ရှေးဟောင်းသုတေသနတူးဖေါ်မှုတွေအခြေခံတယ်။ ကျောက်စာပေါ်မှာတွေ့ရှိချက်ကိုသာ သမိုင်းအဖြစ်ယူဆတယ်။ အဲဒါဟာမှန်ကန်တဲ့ လုပ်ဆောင်မှုဖြစ်ပေမဲ့ ပျက်စီးကုန်နိုင်တဲ့ သမိုင်းအထောက်အထား (ဥပမာ။ ပေစာ) ကို ထဲ့သွင်းစဉ်းစားသင့်ပါတယ်။ ပေရွက်ပေါ်မှာ မှတ်တမ်းတင်တဲ့ အလေ့ဟာ စတုထ္ထသင်္ဂါယနာတင်တဲ့ သာသနာသက္ကရာဇ် ၄၅၀ ကတဲက စတင်ခဲ့တယ်။ ယဉ်ကျေးမှုအဆင့်အတန်းမြင့်ခဲ့တဲ့ ပျူစာကိုတောင် စတင်ရေးသားသုံးစွဲခဲ့ကြတဲ့ ပျူတို့ဟာ ပေစာကိုသုံးပြီးမှတ်တမ်းတင်ခဲ့ရင် အဲဒီအထောက်အထားတွေ ရှာမတွေ့သေးလို့လားလို့ စဉ်းစားမိပါတယ်။ အဲဒီလိုဆိုရင်တော့ ဆက်လက်ဖေါ်ထုတ်ဖို့ လိုနေသေးတယ်လို့ မှတ်ချက်ပေးနိုင်ပါတယ်။ နောက်ထဲ့သွင်းစဉ်းစားသင့်တာက ခေတ်သစ်သမိုင်းပညာရှင်တွေ လက်ခံထားကြတဲ့ နန်ကျောင်လူမျိုးတို့ သရေခေတ္တရာ (ဂြီကွေတြ) ကို ခရစ်သက္ကရာဇ် ၈၃၂ မှာ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သမိုင်းအထောက်အထားတွေ အများအပြားဆုံးရှုံးခဲ့သလား ဆိုတာပါဘဲ။
.
သရေခေတ္တရာ (ဂြီကွေတြ) ပျက်စီးတဲ့နှစ်ကို မဟာရာဇဝင်ကြီး နဲ့ မှန်နန်းမဟာရာဇဝင်တော်ကြီးတို့မှာ ခရစ်သက္ကရာဇ် ၉၄ လို့ဆိုတယ်။ ခေတ်သစ်သမိုင်းပညာရှင်တွေနဲ့ တရုတ်မှတ်တမ်းတွေမှာတော့ ခရစ်သက္ကရာဇ် ၈၃၂ လို့ဆိုတယ်။ တူးဖေါ်ရရှိတဲ့ သမိုင်းအထောက်အထားတွေအရ ပျူမြို့ပြတွေဟာ ၈ ရာစုထိရှိခဲ့တာကို သိနိုင်ပါတယ်။ သိပ်ဖြစ်နိုင်ချေမရှိတဲ့ ပုံပြင်ဆန်လွန်းတဲ့ လေပွေလာပြီး စကောလွင့်တာက စလို့ ငစကောစစ်လာတယ်ဆိုပြီး တိုင်းပြည်ပျက်တယ် ဆိုတဲ့ ဇတ်လမ်းကို မဟာရာဇဝင်ကြီး နဲ့ မှန်နန်းမဟာရာဇဝင်တော်ကြီးတို့မှာ ထည့်သွင်းဖေါ်ပြခဲ့ခြင်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုပါဘဲ။
.
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက ဒုတိယအကြိမ် သက္ကရာဇ်ဖြိုတဲ့အချိန်က ပုဂံရာဇဝင်မှာ မှတ်တမ်းများ ကောင်းစွာမရှိလို့ သတ်မှတ်ထားတဲ့ အချိန်မှာကျရောက်နေတယ်။ သမုတိရာဇ်မင်း ပုဂံစတည်တဲ့နှစ် (မြန်မာသက္ကရာဇ် ၂၉ ၊ ခရစ်သက္ကရာဇ် ၁၀၇) ကနေ အနော်ရထာမင်းနန်းတက်တဲ့နှစ် (မြန်မာသက္ကရာဇ် ၄၀၆ ၊ ခရစ်သက္ကရာဇ် ၁၀၄၄) ထိ ယုံကြည်စိတ်ချလောက်သော အထောက်အထား မှတ်တမ်းတွေမတွေ့ရလို့ ဆိုတယ်။
.
စဉ်းစားမိတာနှစ်ချက်။ သမုတိရာဇ်မင်း ပုဂံစတည်တဲ့နှစ် ခရစ်သက္ကရာဇ် ၁၀၇ ဟာ ပျူတွေနဲ့ ခေတ်ပြိုင်ဘဲရှိသေးတယ်။ ဒါဆိုရင် သရေခေတ္တရာပျက်စီးမှ ပုဂံစတည်တာမဟုတ်လောက်လို့ စဉ်းစားမိတယ်။ ဒီအချက်ကို ထောက်ခံနိုင်တဲ့တစ်ချက်က ပုဂံဟာ တရုတ်မှတ်တမ်းတွေအရ တန်ပေါလို့ခေါ်တဲ့ ပျူ ၃၂ မြို့ထဲက တစ်မြို့ဖြစ်နေခဲ့တယ် (Reference ၇) ။ ပုဂံဟာ ပျူမြို့တစ်ခု သို့မဟုတ် မဟာမိတ်အနေအထားနဲ့ရှိနေခဲ့ရင် နန်ကျောင်လူမျိုးတို့ဝင်ရောက်တိုက်ခိုက်လို့ ပျူမြို့တော်ပျက်စီးတဲ့ အချိန်မှာ ပုဂံ ကိုကော နန်ကျောင်လူမျိုးမတိုက်ခိုက်ဘဲ ထားခဲ့လိုက်မယ်လို့ ထင်စရာမရှိပါ။ ပုဂံကို ဝင်ရောက်တိုက်ခိုက်ခဲ့ရင်တော့ သမိုင်းအထောက်အထားတွေ ပျက်စီးကုန်ဖို့ အတော်များပါတယ်။
.
ဒုတိယ စဉ်းစားမိတာက မြန်မာသက္ကရာဇ်ကိုဖြိုခဲ့တဲ့ ပုပ္ပားစောရဟန်းမင်းနန်းတက်ချိန် (မြန်မာသက္ကရာဇ် ၅၃၆ - ၅၆၂ ၊ ခရစ်သက္ကရာဇ် ၆၁၄ - ၆၄၀) မှာ သရေခေတ္တရာဟာ စည်ကားနေတဲ့ အချိန်သာဖြစ်တယ်။ အဲဒါသာမှန်ကန်ခဲ့ရင် ပုဂံသားတို့ဟာ ပျူတို့ရဲ့ စာပေ ယဉ်ကျေးမှုကို ၆ ရာစု ကတဲက ဆက်ခံရရှိခဲ့လိမ့်မယ်။ မြစေတီကျောက်စာရေးခဲ့တဲ့ ၁၁ ရာစုကျမှ ပျူစာနဲ့ ပျူယဉ်ကျေးမှုဟာ ပုဂံကိုရောက်လာခဲ့တာမဟုတ်လို့ ပြောနိုင်ပါတယ်။
.
အချုပ်အားဖြင့်ပြောရရင် ပျူမြို့ပြနိုင်ငံတွေဟာ မြန်မာတို့ရဲ့ ပထမနိုင်ငံတော် လို့တင်ပြချင်ပါတယ်။
.
.
References
(၃) Cousins, LS (1996), "The dating of the historical Buddha: a review article", Journal of the Royal Asiatic Society, 3, Indology, 6 (1): 57-63,
(၄) Norman, KR (1997), A Philological Approach to Buddhism (PDF), The Bukkyo Dendo Kyokai Lectures 1994, School of Oriental and African Studies (University of London)
(၅) ဦကုလား (မဟာရာဇဝင်ကြီး)၊ ပဉ္စမအကြိမ် (၂၀၀၆)၊ စာမျက်နှာ ၁၁၉
(၆) မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ပဉ္စမအကြိမ် (၂၀၀၃)၊ စာမျက်နှာ ၁၇၁
(၇) ဒေါက်တာသန်းထွန်း ၂၀၀၅၊ ‘တ္ဒဗံ့း (ဒွတ္တဘောင်) အရင်အနှစ် ၆၀၀ ကျော်က ကျော်ကြားခဲ့တဲ့ ပျူသူရဲကောင်း’၊ မိုးဂျာနယ်၊ ဧပြီ၊ ၁၅၈-၁၇၄

No comments:

Post a Comment