အတောင်ပေါက်ခြင်း အစ (နောက်ဆက်တွဲ)
ရထားပေါ်မှာထဲက ကိုမျိုးညွန့်အောင်ကပြောပါတယ်၊ ဒီနယ်မြေမှာ ပေါ်တာဆွဲတတ်တယ် ဆိုတာ။ စိတ်ထဲမှာ သိပ်အလေးအနက် မထားမိဘူး။ အဲ့နေ့က ကာမိုင်းရောက်ပြီး နေ့လည်စာစားနေကြတာ။ အဲ့တုန်းက ကာမိုင်းဆိုတာ ရွာကြီး သာသာရယ်။ နေ့လည်စာကလည်း အဲလိုပေါ့၊ အိမ်ဆိုင်တစ်ဆိုင်မှာ ဖြစ်သလို ထိုင်ပြီးစားကြတာ။ ဖားကန့်တက်မယ့် ကျင်းသားတွေလည်း လေး ငါး ဆယ်ရောက်ထိုင်နေကြတယ် ထင်တယ်။
.
စားတုန်းတဝက်လောက် ရှိမယ်ထင်ပါတယ်၊ အတော်ခပ်လှန်းလှန်းက ဝေါဝေါဆို လူတွေအများကြီး ပြေးသံတွေ စပြီး ကြားလာရော။ ကိုယ်က ဘာအတွေ့အကြုံမှ မရှိဘဲကိုး။ ဘာသံတွေလဲဆို အူကြောင်ကြောင်နဲ့ ထိုင်နေတာ။ ကိုမျိုးညွန့်အောင်ရယ် ရန်ကုန်က အတူထွက်လာတဲ့ ကိုသိန်းရယ်က ရုတ်တရက်ကောက်ထပြီး ကိုမိုး ပြေး ပြေး ပေါ်တာ ဆို၊ ကိုယ်လည်း လက်တောင်မဆေးဘူး၊ ပါလာတဲ့ကျောပိုးအိတ်လေး ကောက်ပြီး ပြေးတာ။ နောက်ကျတဲ့ ခြေထောက်သစ္စာဖေါက်။
.
ထမင်းစားနေတာ အိမ်ဆိုင်လေးဆိုတော့ ဘေးချင်းကပ်ရက် ခြံထဲ ခြံစည်းရိုးကို ကျော်ပြီးပြေးတာ။ အဲ့အချိန်မှာ အိမ်ရှေ့က လမ်းလေးမှာ လူတွေက စပြေးနေကြပြီ။ ဝေါဝေါဆိုတဲ့ လူတွေ ပြေးသံတွေက လွဲလို့ ဘာမှ မကြားရဘူး။ တစ်အိမ် နှစ်အိမ်ကျော်ပြေးပြီးတော့၊ လမ်းမဘက်က ဆဲဆိုသံတွေ ရိုက်နှက်သံတွေ စ ကြားရပြီ။
.
သူများခြံဝန်းထဲ ဖြတ်ပြေးရင်းက ခြေတန်ရှေ အိမ်လေးတွေ့ရော။ ကိုသိန်းထင်တယ်၊ ကိုမိုးရေ ဝင် ဆို၊ အဲ့အိမ်အောက်ထဲ အိတ်ကော လူကော ပြစ်ဝင်သွားရော။ ဘယ်ရမလည်း။ ကိုယ်လည်း ဒိုက်ထိုးပြီးပြစ်ဝင်ပေါ့။ ဟို အမျိုးကောင်းသားများက လမ်းပေါ်မှာ ဆွဲနေပြီ။ တုတ်နဲ့ ရိုက်သံတွေလည်း အတိုင်းသားပေါ့၊ တဖြောင်းဖြောင်းနဲ့။ အိမ်အောက် ငုံ့ မကြည့်လို့။ မဟုတ်ရင် ပထမဆုံး ပေါ်တာ အဆွဲခံရတဲ့ ဆရာဝန်ဖြစ်သွားနိုင်တယ်။
.
အဲ့အိမ်အောက်မှာ ဆယ်မီနစ် ဆယ့်ငါးမီနစ်လောက်ကြာမယ်။ ဆွဲမိသွားတဲ့ သူတွေကို ဆဲဆိုပြီး ခေါ်သွားသံတွေက အတိုင်းသား။ ကိုယ်လည်း မြန်မာပြည်က ထွက်ခဲ့ပြီး အနှစ်သုံးဆယ်နီးပါး ရောက်ခဲ့တဲ့ တိုင်းပြည်တွေမနဲတော့။ ကိုယ့်တိုင်းပြည်ကို ကာကွယ်ပါမယ်ဆိုတဲ့ စစ်တပ်က ကိုယ့်ပြည်သူကို ရိုက်နှက် ပေါ်တာဆွဲတာ မြန်မာပြည်မှာဘဲ ရှိတယ်။ ကောင်းပါတယ်။ သံယောဇဉ်တွေ ပြတ်သထက် ပြတ် သွားတာပေါ့။
.
အားလုံးရှင်းသွားတော့ ကိုမျိုးညွန့်အောင်က ဒီအတိုင်းဆို မဖြစ်ဘူး၊ လမ်းမှာဆွဲရင် မလွတ်နိုင်ဘူး။ မြစ်ကြီးနားတက်ပြီး အခြေအနေ စောင့်ကြည့်ရအောင်ဆို၊ မိုးကောင်းပြန်သွား၊ မြစ်ကြီးနားတက်ပေါ့။
.
တစ်ပတ်လောက် သူ့အသိအိမ်မှာ နေတုန်း ကယ်တင်ရှင်က ပေါ်လာတယ်။ မြစ်ကြီးနားက ကချင်လောပန်း ယွပ်ဇော်ခေါင် က သူ့ကျင်းသားတွေ အဖွဲ့လိုက်နဲ့ ဖားကန့်တက်ဖို့ ပြင်နေတယ်။ ကချင်မိတ်ဆွေ တစ်ယောက်က အဲဒီကျင်းသားတွေနဲ့ တွဲလိုက်သွား။ အဲ့အဖွဲ့နဲ့ဆို စစ်တပ်ကော ကေအိုင်အေ ကော ပြသနာမရှာဘူးပေါ့။ ဒီလောပန်က ဖားကန့်လောကမှာ ထိပ်ဆုံးက ငါးယောက်ထဲမှာပါတယ်။
.
အော် .. အဲဒီ ယွပ်ဇော်ခေါင်ဆိုတာ အခု အစိုးရနဲ့ အန်စီအေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ရင် တွေ့ရတဲ့ ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မေါ် နဲ့ အမြဲတွဲပြီးတွေ့ရတဲ့ မုတ်ဆိတ်နဲ့တစ်ယောက်။
.
အဲ့အဖွဲ့ကို ဆက်သွယ်၊ လိုက်ခဲ့ချင်ပါတယ် အကူအညီတောင်းတော့။ သူတို့ကလည်း သိတယ်၊ ရန်ကုန်က ဆရာဝန်တစ်ယောက်ပါတယ်။ သူ့အတွက် စိတ်ပူလို့ပါဆို၊ ဘာမှမပူနဲ့ လိုက်ခဲ့ပေါ့။ အဲ့တုန်းက ဖားကန့်သွားတဲ့သူတိုင်း ကေအိုင်အေကို ဆန်တစ်ပြည် ငွေ အစိတ်ပေးရတယ်။ ကိုယ်တိုင်ကိုယ်ကျ သူတို့လက်ထဲထည့်ရတာ။ အဲဒါလည်း သူတို့ပေးလိုက်မယ်။ စိတ်မပူနဲ့ဆို။ ဒီတစ်ခါတော့ အဆင်ပြေပြီပေါ့လေ။
.
ကိုယ်လည်း ကျင်းသားတွေလိုဘဲ၊ အထုပ်အပိုးတွေ ဝင်ထမ်းပြီး လိုက်သွားတယ်။ အင်း အဲ့တော့မှ ရောက်တာ။ ကေအိုင်အေ စစ်တပ်ထဲ တန်းပြီး ရောက်သွားတာ။
.
(ဆက်ရေးချင်စိတ် မရှိတော့ပါ)