Tuesday, February 11, 2020

အတောင်ပေါက်ခြင်း အစ

ဒုက္ခရှေ့မှောက် ရောက်တဲ့အခါ တစ်ချို့လူတွေဟာ ချိုင်းထောက် ဝယ်တပ်ရပြီး တစ်ချို့လူတွေမှာတော့ အတောင်တွေပေါက်လာတယ် (နန္ဒာသိန်းဇံ ၁၉၄၇ - ၂၀၁၁)။ -----------------------------------------------------------------------------------------------

အတောင်ပေါက်ခြင်း အစ
.
ဟာ မဖြစ်ပါဘူး၊ ခင်ဗျားလိုက်လို့ မဖြစ်ဘူး။ ခင်ဗျား တစ်ခုခုဖြစ်ရင် ကျနော် တရားခံဖြစ်မယ်။ ကိုမျိုးညွန့်အောင် အဲလို ခါးခါးသီးသီး ငြင်းတော့မယ်ဆိုတာလည်း မျှော်လင့်ထားပြီးသား။ ၁၉၈၉ နွေရာသီ တနေ့လည် ဗိုလ်ချုပ်ဈေးထဲက အိတ်စ်ယောက္ခမကြီးတွေ ဆိုင်ထိုင်ပေးရင်း ကိုမျိုးညွန့်အောင်ကို ဖါးကန့်လိုက်ပြီး ဆေးခန်းဖွင့်ဖို့ အကူအညီတောင်းတာ။ သူကလဲ ကိုယ့်ကို ဆရာဝန်ပေါက်စ မဖြစ်နိုင်တာ အန္တရယ်များတဲ့လမ်းကို ခေါ်ရင် တစ်ခုခုဖြစ်ရင် သူ့ခေါင်းပေါ်ရောက်မှာ စိုးလို့ အကြောက်အကန်ငြင်းတာ။
.
 အန္တရယ်များဆို အဲ့အချိန်က ဖါးကန့်က ကေအိုင်အေ လက်အောက်မှာဘဲ ရှိသေးတာလေ။ မဆလ အစိုးရ၊ စစ်အစိုးရ တစ်လျေှက်လုံး ဖါးကန့်ဆိုတာ အညိုရောင်နယ်မြေ။ နေရာ အများစုက ကေအိုင်အေ အုပ်ချုပ်ရေး အောက်မှာ။ ကေအိုင်အေနဲ့ စစ်တပ်နဲ့ဆိုတာ စစ်ပွဲတွေက တအုန်းအုန်း။ ကချင် တရုတ် လောပန်တွေရယ် သူဌေးဖြစ် ခွေးဖြစ်ဆိုတဲ့သူတွေရယ် သွားတဲ့နေရာ။
 .
ကိုယ်ကလည်း အဲ့ဒီအချိန်မှာ စိတ်က တုံးတုံးချ။ ဖါးကန့်။ ဘယ်သူဘာပြောပြော တက်မယ်ဆုံးဖြတ်ပြီးသား။ လမ်းကြောင်းသိတဲသူကို ရှာနေတာ။
.
ဒီ ဖါးကန့်ဖြစ်ရတဲ့ အကြောင်းက ငွေရှာမယ်၊ နိုင်ငံခြားဆိုတာကြီးကို အပြီးထွက်တော့မယ်။ စလုံးအရင်ဝင်မယ် အတွေ့အကြုံနဲနဲယူ ပြီးရင် ယူကေ ကိုသွား၊ PLAB ဖြေမယ်ဆိုတဲ့လမ်းက စ တာ။
.
နိုင်ငံခြားဆိုတာကြီး တသက်လုံးခေါင်းထဲ မရှိဘဲနဲ့ Final Part 2 လောက်ရောက်မှ ကိုယ့် အဖေကို ကြည့်ပြီး ဒီမှာတော့မဖြစ်ဘူး ထွက်မှဖြစ်မယ်လို့ ဖြစ်လာတာ။ သမ ဝန်ကြီး စိန်ထွန်း စွမ်းအင်ဝန်ကြီး ဖြစ်တဲ့အချိန်က စ လို့ အင်/ချုပ် ဒု အင်/ချုပ် တွေ အမေနှမနဲ့ကိုင်တုပ်ပြီး အဆဲခံရ၊ ကံဆိုးသွားရင် ပါးရိုက်ခံရတဲ့ သူနဲ့ လည်ပင်းညှစ်ခံရတဲ့သူနဲ့။ အခုခေတ်က အုန်းမြင့်က ပါးလှည့်ရိုက်မယ်လို့ ပြောရုံပြောတာ၊ အဲ့တုန်းက စိန်ထွန်းက တကယ်လုပ်ခဲ့တာ။ အဲဒါတွေ မြင်ရကြားရပါများတော့ ဒီကောင်တွေ လက်အောက်လုပ်ရင် ငါတော့ ခွေးဖြစ်မှာဘဲလို့ တဖြည်းဖြည်း စိတ်ထဲစွဲသွားတာ။ အခုလည်း အဲ့ စိတ်က မပျောက်ပါဘူး။ မဆလ ပြီးတော့ စစ်အစိုးရတက်လာတော့ အင်ဆားဗစ်ဝင်ဖို့ ဆိုတာ ခေါင်းထဲမှာတောင် မရှိ။
.
အဲ့နေ့က ကိုမျိုးညွန့်အောင်နဲ့ လိုက်မယ် မခေါ်ဘူးနဲ့ ငြင်းနေရင်း သူက နောက်ဆုံး လက်နက် ထုတ်လာတယ်။ ကျုပ်ပြောမယ်၊ ခင်ဗျားလိုက်ရင် ဖြစ်စရာ သုံးလမ်းဘဲရှိတယ်။ ကိုးဆယ်ရာခိုင်နှုန်း ဖြစ်ဖို့များတာ ကေအိုင်အေက ခေါ်သွားလိမ့်မယ်၊ ဟိုမှာ ဆရာဝန်တွေ လိုနေတာ။ နှစ်တွေ နဲနဲကြာရင် ခင်ဗျား ကချင် အမျိုးသမီးတစ်ရောက်နဲ့ ရမှာဘဲ။ ခင်ဗျား ပြန်လာစရာ လမ်းမရှိတော့ဘူး။ အဲလိုနဲ့ စ တာ။ အေးတာဘဲဆို ကိုယ်ကပြုံးနေတော့၊ နောက် ဒုတိယ ဖြစ်နိုင်စရာက ခင်ဗျားကို ကေအိုင်အေက မယုံဘူး၊ ဘယ်လိုမှ ကျင်းသားပုံ မပေါက်ဘူး။ အစိုးရ သူလျှိုအောင်းမေ့ပြီး ဆွဲမယ်။ ကေအိုင်အေက လူသတ်တာ ကျည်ဆံကုန်လို့ ပေါက်ပြားတစ်ချောင်းပေး ကျင်းတူးခိုင်း၊ ပြီးရင် အဲ့ပေါက်ပြားနဲ့ဘဲ ခုတ်သတ်မှာ။ သူပြောတာ မမှားဘူး၊ အဲ့ သတင်းမျိုးက ကြားဖူးတယ်။ နဲနဲတော့ ဂုတ်ယားသား။ ဆက်ပြောတာ၊ နောက်ဆုံး ဖြစ်နိုင်ချေက ငှက်ဖျားမိမှာ။ ဖါးကန့်မှာ ငှက်မမိဘူးတဲ့သူမရှိ။ ခင်ဗျား ဒုက္ခရောက်မယ်။ သူပြောတာတွေက ဆေးမတိုးတော့ဘူး။ ဆုံးဖြတ်ပြီးသား ဆိုမှ။
.
အဲဒါနဲ့ဘဲ ကျောပိုးအိတ်လေး တစ်လုံးလွယ်လို့ အတင်းကို လိုက်သွားရော။ မလိုက်ခင် အမေ့ကို သွားခွင့်တောင်းတယ်။ အမေက တခွန်းဘဲ မေးတယ်။ သား ဘာဖြစ်လို့ သွားချင်တာလဲတဲ့။ ကိုယ့်အဖြေကလည်း ရှင်းပါတယ်။ အမေ ကျနော် ဒီလို မီဒီယိုကာ mediocre ဘဝမှာ နေရတာထက်စာရင် သေရင်သေ မသေရင် လူစဉ်မီနေချင်ပါတယ်၊ ဒါဘဲ။ အမေကလည်း ခဏဘဲ ငြိမ်သွားတယ်။ ချက်ခြင်း အဖြေပေးတယ်။ ကိုယ့်ခေါင်းကို ကိုင်ပြီးတော့ သွား ငါ့သား သွား၊ ငါ့သားက အောင်မြင်မဲ့သား၊ စိတ်ဖြောင့်ဖြောင့်နဲ့ သွားတဲ့။ အဲလို အမေ။ မွေးထားတဲ့သား အကြောင်း အသိဆုံးလေ။
.
နင်လားဟဲ့ ဖါးကန့်၊ နင်လားဟဲ့ ကေအိုင်အေ ဆို လိုက်သွားတာ။ ရထားနဲ့ သွားကြတာ။ မန္တလေး၊ မိုးကောင်း၊ ပြီးတော့ ကာမိုင်း။ ဘယ်က ကေအိုင်အေ တွေ့အုံးမလဲ။ တို့ပြည်ကြီးကို ကာကွယ်မလေ ဆိုတဲ့ အမျိုးကောင်းသားများနဲ့ တွေ့ပြီး ကာမိုင်းမှာ ပေါ်တာ ဆွဲတာနဲ့ တန်းတိုးတာဘဲ။ ဘဝက အဲလို။
.
ဆက်ကောင်း ဆက်မည်။

No comments:

Post a Comment