Tuesday, August 21, 2018



ဘုရင်မကြီးရှင်စောပု
==============
ဧကရာဇ်မင်းတို့၏ ရတနာတစ်ပါးမှ ဧကရီဘုရင်မကြီးဘဝသို့
==========================================
.
သမိုင်းကြောင်းတစ်လျောက် ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှနိုင်ငံတွေမှာ ဘုရင်မ ဆိုတာ ရှားရှားပါးပါး။ အဲဒီ ရှားပါးလှတဲ့ သမိုင်းဖြစ်ရပ်တွေထဲက ဘုရင်မကြီးရှင်စောပုဆိုတာ မြန်မာရာဇဝင်မှာ ပေါ်ထွန်းခဲ့ဘူးတယ်။ အာဏာရဖို့ အနိုင်ယူလူသတ်ရင်း ဘုရင်ဖြစ်ခဲ့တာမျိုး မဟုတ်ဘဲ မူးမတ် ပြည်သူ အားလုံးက ချစ်လို့ ယုံကြည်လို့ တင်မြောက်ခဲ့တဲ့ ဘုရင်မကြီးလည်းဖြစ်တယ်။ အဲဒီအချက်နဲ့တင် မြန်မာတို့ရဲ့ ရာဇဝင်ဟာ ဂုဏ်ယူစရာ ဖြစ်ခဲ့တယ်။
.
ဘုရင်မကြီးရှင်စောပုရဲ့ ဘဝဟာ ဟံသာဝတီနေပြည်တော် ရွှေနန်းရှင်ဧကရာဇ်ဘုရင်တစ်ပါးရဲ့ သမီးတော်ဘဝ ကနေ မင်းမိဖုရားဘဝ၊ စစ်ရဲ့ငြိမ်းချမ်းရေးပြယုဂ် လက်ဆောင်ရတနာတစ်ပါး အနေနဲ့ အင်းဝနေပြည်တော်ကို ဆက်သခံခဲ့ရတယ်။ ကိုယ်ချစ်တဲ့ ဟံသာဝတီနေပြည်တော် ပြန်ရောက်ပြန်တော့ အာဏာလုပွဲတွေကြားမှာ အကိုတော်၊ မောင်တော်၊ သားတော်၊ တူတော်တွေ ဆုံးပါးမှုတွေနဲ့ကြုံခဲ့ရတယ်။ နောက်ဆုံးမှာ အာဏာလုပွဲတွေ ဧကရာဇ်မင်းတွေရဲ့ ဒဏ်ကို မခံနိုင်တော့တဲ့ အဆုံး မူးမတ်တွေက ဘုရင်ကို လုပ်ကြံပြီး ပြည်သူပြည်သား တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ တင်မြောက်ခဲ့တဲ့ ဘုရင်မကြီးဘဝ ကို ရောက်ခဲ့တယ်။ ဘဝရဲ့ နေဝင်ချိန် ရောက်ပြန်တော့ အာဏာကို မက်မောဆုပ်ကိုင်မထားဘဲ သင့်တော်တဲ့ ပညာရှိတစ်ယောက်ရဲ့ လက်ထဲကို တိုင်းပြည်ကိုအပ်၊ ဘာသာရေးကို ဇောက်ချလုပ်ရင်း ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ခဲ့တယ်။
.
ရာဇဝင်ကို နဲနဲပြန်ကောက်ရရင် ဘုရင်မကြီးရှင်စောပု ရဲ့ ငယ်နာမည်ဟာ ဝိဟာရဒေဝီ လို့အမည်ရပြီး ပဲခူးဟံသာဝတီနေပြည်တော်က မွန်တို့ရဲ့ စစ်ဘုရင် ဧကရာဇ်ကြီး ရာဇာဓိရာဇ် နဲ့ မယ်တော် သုဒ္ဓမာယာ တို့က ခရစ်သက္ကရာဇ် ၁၃၉၃ မှာ မွေးဖွားခဲ့တယ်။ အဲဒီအချိန်ဟာ မြန်မာရာဇဝင်မှာ လူသိများတဲ့ အနှစ် ၄၀ ကြာ ပဲခူး-အင်းဝ စစ်ပွဲကြီး (၁၃၈၅ - ၁၄၂၄) ဖြစ်နေချိန်ပေါ့။
.
ဝိဟာရဒေဝီမင်းသမီး မမွေးဖွားခင် သူ့ရဲ့မယ်တော် ဖြစ်လာမယ့် မိဖုရား သုဒ္ဓမာယာ ဟာ ပဒေသရာဇ်စနစ်ရဲ့ သားကောင်ဖြစ်ခဲ့ဘူးတယ် ဆိုတာ တချို့တွေ သတိထားမိမယ် မထင်ဘူး။ ခရစ်သက္ကရာဇ် ၁၃၈၈ ဝန်းကျင်မှာ ခမည်းတော် ရာဇာဓိရာဇ်မင်းကြီးဟာ အောက်ပြည်အောက်ရွာကို သိမ်းသွင်းနေချိန်မှာ ပုသိမ် - မြောင်းမြ ကို သိမ်းယူဖို့ဖြစ်လာတယ်။ အဲဒီ ပုသိမ်စစ်မှာ သူ့ရဲ့စစ်သူကြီး လဂွန်းအိန်ကို ခေါင်းဆောင်ခန့်လို့ တိုက်စေတယ်။ ပုသိမ်စစ်ဟာ အန္တရယ်ကြီးလှတဲ့ စစ်ပွဲ၊ အသက်နဲ့လဲရနိုင်တယ်လို့ တွက်မိတဲ့ လဂွန်းအိန်က စစ်ထွက်ခါနီး မနက်ကျမှ ရာဇာဓိရာဇ်မင်းကြီးရဲ့ မိဖုရားသုဒ္ဓမာယာ ကို လိုချင်ပါတယ်လို့တောင်းဆိုတော့တာဘဲ။ အမှန်ကတော့ လဂွန်းအိန် က သူ့အရှင်သခင်ရဲ့ သူ့အပေါ်ချစ် မချစ် စိတ်စမ်းလိုက်တာပါဘဲ။ အဲဒီအခါ ရာဇာဓိရာဇ်မင်းကြီးက ပြန်ပြောတယ်။ သူရဲကောင်းလည်း ချစ်တယ်၊ မိဖုရားလည်းချစ်တယ်။ ဒါပေမဲ့ မိဖုရားဆိုတာ အာရုံဖြည့်ဖို့ဖြစ်တယ်၊ သူရဲကောင်းဆိုတာကတော့ ရန်သူတွေကို တွန်းလှန်ဖို့ အဖေါ်၊ ထီးဖြူကို စောင့်တဲ့အဖေါ်၊ နတ်ပြည်နိဗ္ဗာန် ချမ်းသာသုခအတွက် သာသနာတော်ကို စောင်မဲ့ အဖေါ်၊ ဒါကြောင့် သူရဲကောင်းကို ပိုချစ်တယ်လို့ ပြောပြီး မိဖုရားသုဒ္ဓမာယာကို လဂွန်းအိန် ထံပို့လိုက်တာပါဘဲ။ ရာဇာဓိရာဇ်မင်းကြီးကို ခြေသလုံးဖက် ငိုကြွေးတောင်းပန်နေတဲ့ မိဖုရားသုဒ္ဓမာယာ စကားတွေ၊ မျက်ရည်တွေဟာ စစ်ဘုရင်တစ်ပါး အတွက်တော့ အရေးမပါခဲ့ဘူးပေါ့။ လဂွန်းအိန်က သူ့အရှင်သခင်ရဲ့ ချစ်ခြင်းကို စမ်းသပ်ခဲ့တာ၊ မိဖုရားသုဒ္ဓမာယာကို လက်မခံခဲ့ပါဘူး။ ကန်တော့ပွဲနဲ့ တောင်းပန်ခဲ့ပြီး သူ့အရှင်သခင်ထံ ပြန်လွတ်ခဲ့တယ်။ ပြီးတော့ စစ်ထွက်သွားခဲ့တယ်။
.
ပဒေသရာဇ်စနစ်အောက်မှာ ရှိခဲ့တဲ့ မိန်းမသားတစ်ယောက်ရဲ့ ဘဝဟာ ဒါပါဘဲ။ ဒီအဖြစ်အပျက်တွေကို ဝိဟာရဒေဝီမင်းသမီးလေး ကြီးပြင်းလာတဲ့အခါ သိကောင်းသိခဲ့ပါလိမ့်မယ်။ မိန်းမသားတစ်ယောက်ရဲ့ဘဝဟာ ဧကရာဇ်ဘုရင်တစ်ပါးရဲ့ လက်ထဲမှာ ရတနာတစ်ပါးသာဖြစ်တယ်ဆိုတာ သဘောပေါက်ခဲ့ပါလိမ့်မယ်။ ဒါကြောင့်လည်း သူကြီးပြင်းလာတဲ့ အခါ တွေ့ကြုံသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့တာပါဘဲ။
.
ဇတ်လမ်းဆက်ရရင် ဝိဟာရဒေဝီမင်းသမီး အသက် ၂၀ ပြည့်တဲ့အခါ ရာဇာဓိရာဇ်မင်းကြီးရဲ့ တူတော်လည်းဖြစ် ၊ သူ့ချစ်သူလည်းဖြစ်တဲ့ သမိန်စည်သူနဲ့ စုံဖက်စေခဲ့တယ်။ သမီးနှစ်ယောက် သားတစ်ယောက် ထွန်းကားခဲ့တယ်။ ခရစ်သက္ကရာဇ် ၁၄၁၈ အသက် ၂၅ နှစ်မှာ သားဖြစ်သူ ဗညားဗရူးကို မွေးဖွားခဲ့တယ်။ အဲဒီ အသက် ၂၅ နှစ် က စလို့ ဝိဟာရဒေဝီမင်းသမီးလေးဟာ လောကဓံတရားရဲ့စတင် ရိုက်ခတ်မှုကို ခံခဲ့ရတယ်။ ခင်ပွန်းဖြစ်သူ သမိန်စည်သူ ကွယ်လွန်ခဲ့တယ်။ နောက် ၃ နှစ်အကြာ ခရစ်သက္ကရာဇ် ၁၄၂၁ မှာ ခမည်းတော် ရာဇာဓိရာဇ်မင်းကြီး ဆင်လိုက်ရင်းနဲ့ ဒဏ်ရာရပြီး ကွယ်လွန်ခဲ့တယ်။ ရာဇာဓိရာဇ်မင်းကြီးရဲ့ သားတော်အကြီး ဗညားဓမ္မရာဇာ နန်းတက်ခဲ့တယ်။
.
အင်းဝနေပြည်တော်မှာလည်း မင်းပြောင်းမင်းလွဲတွေ ဖြစ်နေခဲ့တယ်။ အနှစ် ၄၀ စစ်ပွဲကို စတင်ခဲ့တဲ့ မင်းကြီးစွာ ကွယ်လွန်ပြီးတဲ့နောက် မင်းအဆက်ဆက် နန်းတက်ခဲ့ကြတယ်။ သားတော် ဆင်ဖြူရှင်၊ ငနောက်ဆံ၊ နောက် ဆင်ဖြူရှင်ရဲ့ ညီတော် ပြင်စည်စား မင်းဆွေက မင်းခေါင် နာမည်နဲ့ ခရစ်သက္ကရာဇ် ၁၄၀၁ မှာ နန်းတက်တယ်။ မင်းကြီးစွာနဲ့ ရာဇာဓိရာဇ်တို့ စခဲ့တဲ့ အနှစ် ၄၀ စစ်ပွဲကြီးကို ဘုရင်မင်းခေါင် လက်ထက်မှာလဲ ဆက်ခဲ့တယ်။ ခရစ်သက္ကရာဇ် ၁၄၂၁ မှာ ဘုရင်မင်းခေါင်ရော ရာဇာဓိရာဇ်တို့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတယ်။
.
ဒါပေမဲ့ ပွဲက မပြီးသေးဘူး။ အင်းဝမှာ နန်းတက်လာတဲ့ ဘုရင်မင်းခေါင်ရဲ့သား ဆင်ဖြူရှင်သီဟသူ နဲ့ ပဲခူးမှာနန်းတက်လာတဲ့ ရာဇာဓိရာဇ်ရဲ့သား ဗညားဓမ္မရာဇာ တို့ စစ်မွေကို ဆက်ခံရင်း ဆက်တိုက်ခဲ့ကြတယ်။ ခရစ်သက္ကရာဇ် ၁၄၂၂ ဆင်ဖြူရှင်သီဟသူရဲ့ တပ်တွေ ပဲခူးကိုချီတက်ခဲ့ကြတယ်။ ခဲပေါင် နဲ့ ပုသိမ်ကို သိမ်းပြီး ဒလ ကို တစ်လကြာဝန်းရံထားတဲ့အခါ ဒဂုံမင်း ဗညားရံ က နှစ်မတော် ဝိဟာရဒေဝီမင်းသမီးကို ဆင်ဖြူရှင်သီဟသူ ကို ဆက်သပြီး ငြိမ်းချမ်းရေးလုပ်တယ်။ အဲဒါ အနှစ် ၄၀ စစ်ပွဲရဲ့ အဆုံးသတ်ပါဘဲတဲ့။ ဝိဟာရဒေဝီမင်းသမီးဟာ ငြိမ်းချမ်းရေးရဲ့ ပြယုဂ်ပေါ့။ တစ်ခြားအကြောင်းတွေလည်း အင်းဝနေပြည်တော်မှာ ရှိခဲ့တာပေါ့။ ဒါပေမဲ့ ဝိဟာရဒေဝီမင်းသမီး ကို ဆင်ဖြူရှင်သီဟသူ အလွန်မြတ်နိုးတာဟာ စစ်ပွဲတွေ ချုပ်ငြိမ်းသွားစေခဲ့တယ် ဆိုတာတော့ ထင်ရှားလှပါတယ်။
.
အနှစ် ၄၀ စစ်ပွဲပြီးသွားလို့ နှစ်ဖက်ပြည်သူတွေ အေးချမ်းခဲ့ကြပေမဲ့ ဝိဟာရဒေဝီမင်းသမီးရဲ့ လောကဓံကတော့ သိပ်မအေးချမ်းခဲ့ဘူး။ ဝိဟာရဒေဝီမင်းသမီးကို သိရိတြိဘဝနာဒိတျာပဝရ အတုလ အဂ္ဂမဟာဓမ္မ ရာဇာဓိရာဇ မဟာဒေဝီ ဆိုတဲ့ဘွဲ့ကြီးနဲ့ ဆင်ဖြူရှင်သီဟသူ လက်ထဲကိုထဲ့လိုက်ပြီးတဲ့နောက် မိဖုရားကြီးရှင်စောပုဆိုပြီး အင်းဝကို လိုက်သွားရတာပေါ့။ အဲဒီအချိန်မှာ မိဖုရားကြီးရှင်စောပုရဲ့ အသက်က ၂၉ နှစ်။ အပြင်အဆင် အရောင်အဆင်း ကောင်းလွန်းလို့ ဆင်ဖြူရှင်သီဟသူက သူ့ဖေါင်ထက်ကနေ လက်လှမ်းဆီးကြိုခဲ့တယ်လို့ ဆိုတယ်။ ဒါပေမဲ့ သမီးနှစ်ယောက်နဲ့ ၄ နှစ်သား သားငယ်ကိုထားပြီး တပြည်တရွာလိုက်သွားရတဲ့ မိဖုရားကြီးရှင်စောပုရဲ့ ခံစားချက်ကို မှန်းဆလို့ရနိုင်ပါတယ်။ သီဟသူ ကလည်း အဲဒီအချိန်မှာ အသက် ၂၈ -၂၉၊ မိဖုရားကြီးရှင်စောပု ကို ဂရုစိုက်လွန်းလို့ အင်းဝမှာရှိတဲ့ မိဖုရားရှင်ဘို့မယ် က စိတ်နာပြီး အုန်းပေါင်လယ် သံဘွား ကို လုပ်ကြံခိုင်းခဲ့တယ်။ မိဖုရားကြီးရှင်စောပုနဲ့ ၃ နှစ်လောက် ပေါင်းသင်းပြီး ဆင်ဖြူရှင်သီဟသူ ကွယ်လွန်ခဲ့တယ်။ အဲဒီနောက် ၉ နှစ်သားဘဲ ရှိသေးတဲ့ မင်းလှငယ် လို့ မင်းသားလေး နန်းတက်လာပြန်တယ်။ မိဖုရားကြီးရှင်စောပုလည်း မင်းလှငယ်မင်းရဲ့ မိဖုရားဖြစ်ရပြန်တယ်။ မင်းလှငယ်မင်း နန်းတက်လို့ ၃ လ အကြာမှာ အဆိပ်ခပ်လုပ်ကြံခံရပြီး ကွယ်လွန်တယ်။ အဲဒီနောက် ကလေးကျေးတောင်ညိုမင်း နန်းတက်ခဲ့တယ်။ မိဖုရားကြီးရှင်စောပုလည်း ကလေးကျေးတောင်ညိုမင်းရဲ့ မိဖုရားကြီးဖြစ်ရပြန်တယ်။ ကလေးကျေးတောင်ညိုမင်း နန်းတက်လို့ လပိုင်းအကြာမှာ မိုးညှင်းမင်းတရားကြီး မိုးညှင်း ကနေ အင်းဝ ကို ချီတက်လာတယ်။ ကလေးကျေးတောင်ညိုမင်း က မိဖုရားကြီးရှင်စောပုကို လက်ဆောင်ပဏ္ဏာအနေနဲ့ ပုခန်းစား တရဖျားကို ပေးအပ်ပြီး မိုးညှင်းမင်းတရားကြီးရဲ့ တပ်တွေကို ရင်ဆိုင်စေတယ်။ မိုးညှင်းမင်းတရားကြီးက ကလေးကျေးတောင်ညိုမင်းကို အောင်နိုင်ပြီးတော့ အင်းဝထီးနန်းကို ခရစ်သက္ကရာဇ် ၁၄၂၆ မှာ အုပ်စိုးတယ်။ မကြာခင်ဘဲ ပုခန်းမြို့ကို ဝင်တိုက်ပြီး သိမ်းယူတယ်။ မိဖုရားကြီးရှင်စောပုကိုတော့ ပြန်လည်သိမ်းယူပြီးတော့ နန်းတွင်းမှာ အိမ်ဆောက်ပြီး သာယာစွာနေစေတယ်လို့ ဆိုတယ်။
.
အင်းဝနေပြည်တော်မှာ ပျော်ရွှင်ခြင်းမရှိ၊ ဟံသာဝတီနေပြည်တော်က သားသမီးတွေနဲ့ ဆွေမျိုးသားချင်းများကို လွမ်းဆွတ်လှတာကြောင့် ခရစ်သက္ကရာဇ် ၁၄၂၉ မှာ မိဖုရားကြီးရှင်စောပုဟာ မွန်ရဟန်း ၂ ပါး၊ ရှင်ပိဋကဓရ နဲ့ ရှင်ဓမ္မဉာဏ တို့ရဲ့ အကူအညီနဲ့ အင်းဝကနေ ပဲခူးကို ရေကြောင်းခရီးနဲ့ စွန့်စွန့်စားစား ထွက်ပြေးခဲ့တယ်။ အဲဒီအချိန်မှာ မိဖုရားကြီးရှင်စောပု အသက် ၃၆ နှစ် ရှိခဲ့ပြီ။ မိုးညှင်းမင်းတရားရဲ့ တပ်တွေနောက်က လိုက်ခဲ့ပေမဲ့ မပျော်ပိုက်လို့ပြေးတာ ရှိစေတော့လို့ သဘောထားပြီးလွတ်ပေးလိုက်တယ် ထင်ပါတယ်။ ဟံသာဝတီထိ မလိုက်တော့ဘဲ ပြန်သွားခဲ့တယ်။ ဟံသာဝတီထီးနန်းမှာ စိုးစံနေတဲ့ အကိုတော် ဗညားရံကလည်း နှမတော်ကို ဝမ်းသာအားရ ကြိုခဲ့ပါတယ်။ ပြန်ရောက်ပြီးတဲ့နောက်မှာ မိဖုရားကြီးရှင်စောပုဟာ ဘာသာရေးကို ပိုပြီးအာရုံစိုက်လာခဲ့တယ်။ ကယ်တင်ခဲ့တဲ့ ရဟန်းနှစ်ပါးကို သိက္ခာပြန်တင်ပေးတယ်၊ သံဃာတော်တွေကို ကျောင်းဆောက်၊ ဆွမ်းနဲ့ လှူဘွယ်ဝထ္ထုတွေ ဆက်ကပ်လှူဒါန်းခြင်းတို့ကို လုပ်ခဲ့တယ်။ အသက် ၂၅ နှစ်လောက်က စပြီးကြုံလိုက်ရတဲ့ လောကဓံ၊ ၃၆ နှစ်ကျမှ ဘဝဟာ အေးချမ်းသလိုဖြစ်ခဲ့တယ်။
.
ခရစ်သက္ကရာဇ် ၁၄၄၆ မိဖုရားကြီးရှင်စောပု အသက် ၅၃ နှစ်လောက်မှာ အကိုတော် ဗညားရံ ကွယ်လွန်ပြီးတဲ့နောက် လောကဓံတရား က ပြန်လှည့်လာပြန်တယ်။ ဗညားရံမင်း ကွယ်လွန်ပြီးနောက် မိဖုရားကြီးရှင်စောပုရဲ့ သားတော် ဗညားဗရူးနန်းတက်ခဲ့တယ်။ နန်းတက်ပြီး မကြာခင် ဗညားဗရူးလုပ်ကြံခံရပြီး မိဖုရားကြီးရှင်စောပုရဲ့မောင်တော် ဗညားကျန်း နန်းတက်ခဲ့ပြန်တယ်။ ဗညားကျန်းလည်း နန်းသက်မကြာခဲ့။ နန်းဆံသက် ၃ နှစ်မှာ ဗညားကျန်း ကွယ်လွန်တယ်။ အဲဒီနောက် ဗညားရံရဲ့သားတော် မိဖုရားကြီးရှင်စောပုရဲ့ တူတော် လိတ်မွတ်ထော် နန်းတက်လာတယ်။ လိတ်မွတ်ထော်က မင်းကျင့်တရားနဲ့ မညီလို့ ပြည်သူတွေကိုနှိပ်စက်လို့ နန်းတက်ပြီး ၇ လ အကြာမှာ မူးမတ်တွေက လုပ်ကြံခဲ့တယ်။ နောက်ဆုံး ခရစ်သက္ကရာဇ် ၁၄၅၂ မှာ ပြည်သူတွေရဲ့သဘောထားနဲ့ မူးမတ်သေနာပတိများက တိုင်ပင်ပြီး ရာဇာဓိရာဇ်မင်းကြီးရဲ့သမီးတော် ရှင်စောပုကို ဟံသာဝတီထီနန်းရဲ့ ဘုရင်မကြီးအဖြစ် တညီတညွတ်ထဲ တင်မြောက်ခဲ့ကြတယ်။ ဘုရင်မကြီးရှင်စောပု နန်းတက်တဲ့ အချိန်ကစပြီး ဟံသာဝတီနေပြည်တော်ဟာ စစ်မက်မရှိ အေးချမ်းသာယာနေခဲ့တယ်လို့ ဆိုတယ်။ 
.
ဘုရင်မကြီးရှင်စောပုဟာ သက်တော် ၅၉ မှာ နန်းတက်ခဲ့ပြီး ၇ နှစ်ကြာ ဟံသာဝတီပြည်ကြီး အုပ်စိုးရင်း ငြိမ်းချမ်းသာယာရေး တိုးတက်ရေးတွေလုပ်ခဲ့တယ်။ ခရစ်သက္ကရာဇ် ၁၄၅၉ ဘုရင်မကြီးရှင်စောပု သက်တော် ၆၆ နှစ်မှာ ဟံသာဝတီထီးနန်းကို အာဏာလွှဲဖို့ပြင်တယ်။ ဘုရင်မကြီးရှင်စောပုရဲ့ ရာဇဝင်မှာ ဒီအခန်းလေးကဖြင့် အလှဆုံးပါဘဲ။ ဘုရင်မကြီးရှင်စောပုက သူ့ကို အင်းဝက ကယ်ဆယ်ခဲ့တဲ့ ရဟန်း ဘုန်းပညာ လက္ခဏာနဲ့ ပြည့်စုံတဲ့ ရှင်ပိဋကဓရ ကို လူဝတ်လဲပြီး နန်းတင်ချင်တယ်။ မူးမတ်တွေက ကန့်ကွက်တယ်။ အဲဒီအခါ မူးမတ်ပညာရှိတွေ သေနာပတိစစ်သူကြီးတွေကို စုဝေးစေပြီး ကြည်ငြိုဖွယ်ရာ ထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော် ကို ကြည်ငြိုစေတယ်။ အားလုံး ကြည်ငြိုကြပြီးမှ လူအများဖြတ်သွားတဲ့ တံတားတစ်ခုက သစ်သားတိုင်ကိုပြတယ်။ ဒီ ဗုဒ္ဓရုပ်ပွားတော်ဟာ ဒီသစ်သားတိုင်က ထုလုပ်ထားတာလို့ ရှင်းပြတဲ့အခါ မူးမတ်ပညာရှိကြီးတွေက ဘုရင်မကြီးပြောချင်တာကို သဘောပေါက်သွားကြတယ်။ ယုတ်ညံ့ခြင်း မြင့်မြတ်ခြင်း ဆိုတာတွေဟာ လူတွေရဲ့ အပေါ်ယံသဘောထားတွေပါဆိုတာကို သိသွားကြတယ်။ နောက်ဆုံး အားလုံးသဘောတူညီစွာနဲ့ ရှင်ပိဋကဓရ ဘိက္ခုကို လူထွက်စေပြီး ဓမ္မစေတီမင်း ဆိုပြီး နန်းတက်စေကာ ဘုရင်မကြီးရဲ့ သမီးတော် မိပကာထော်နဲ့ စုံဖက်စေတယ်။
.
အာဏာလွဲပေးခဲ့တဲ့နောက်မှာ ဘုရင်မကြီးရှင်စောပုဟာ ဘာသာရေးကို ဇောက်ချပြီးလုပ်ခဲ့တယ်။ ကျိုက်မရော ဆုတောင်းပြည့်ဘုရား၊ ကော့ဘိန်း ကျောင်တောင်ဂူ၊ ဓမ္မသတ်ဂူ၊ ခရုံဂူ၊ ကော့ကွန်းဂူ၊ ဖားကပ်ဂူ စတဲ့ ဂူဘုရားတွေ ကို ပြန်လည် မွမ်းမံခဲ့တယ်။ ပဲခူးခရိုင် ဘုရားကြီးရွာမှာရှိတဲ့ ဘုရားကြီးကို မွမ်းမံပြီး ကျောက်စာရေးထိုးခဲ့တယ်။ သထုံခရိုင် ကေလာသတောင်ပေါ်မှာရှိတဲ့ ကေလာသစေတီတော်ကို မွမ်းမံခဲ့တယ်။ ဒဂုန်ဆံတော်ရှင် ရွှေတိဂုံ စေတီတော် မှာတော့ မိမိရဲ့ ကိုယ်အလေးချိန်နဲ့ထပ်တူ ရွှေ ၂၅ ပိသာ ကို ရွှေသင်္ကန်းကပ်ခဲ့တယ်။ အခြားသော လှူဒါန်းမှု အမျိုးမျိုးကိုလည်းပြုခဲ့တယ်။ ဘုရင်မကြီးရဲ့ ဘဝ တစ်လျောက်လုံးမှာ ချစ်သောသူတို့နဲ့ ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းတွေ၊ မချစ်မနှစ်သက်သော သူတို့နဲ့ ပေါင်းဖေါ်နေထိုင်ရခြင်း ဆိုတာတွေ အပြည့်ပေါ့။ အဲဒါတွေဟာ ဘုရင်မကြီးရဲ့ ဘဝနေဝင်ချိန်မှာ ဘာသာရေးကို ပိုပြီးအာရုံစိုက်မိစေတယ် ထင်ပါတယ်။
.
ခရစ်သက္ကရာဇ် ၁၄၇၁ ဘုရင်မကြီးရှင်စောပု သက်တော် ၇၉ နှစ် ရောက်လို့ ဇရာရောဂါ ဖိစီးလာတဲ့အခါ ရွှေတိဂုံ စေတီတော်ရဲ့ အနောက်တောင်အရပ် ဆောက်လုပ်ထားတဲ့ စံတော်အိမ်မှာ ရွှေတိဂုံ စေတီတော်ကြီးကို အာရုံပြုရင်း သမာဓိတည်ကြည်စွာနဲ့ ရှိခိုးကန်တော့ရင်း ကွယ်လွန်ခဲ့တယ်။
.
ဘုရင်မကြီးရှင်စောပု ဘဝကို ကြည့်ရင် မင်းသမီး သို့မဟုတ် ဘုရင်မတစ်ပါးရဲ့ အလှတရားထက် လောကဓံကို ခံနိုင်ရည်ရှိတဲ့သူ၊ ကိုယ့်ပြည်သူမွန်လူမျိုးတို့ကို ချစ်တဲ့သူ၊ ငြိမ်းချမ်းရေးကို လိုလားသူ၊ ငြိမ်းချမ်းရေးအတွက် ကိုယ့်အတ္တတွေ အောင်နိုင်သူ၊ နေဝင်ချိန်ရောက်လို့ အာဏာလွဲချိန်မှာ သူ့ရဲ့ပြည့်ဝလှတဲ့ နှလုံးသားနဲ့ ပညာကို ကောင်းကောင်း အသုံးချပြီး ပြည်သူတွေကို အကောင်းဆုံးပေးခဲ့တဲ့ ပြည်သူ့ တွေရဲ့ ဘုရင်မကြီးတစ်ယောက် အဖြစ်မြင်မိကြောင်း ပြောချင်ပါတယ်။
.


မင်းမြတ်အနော်ရထာ သို့မဟုတ် အဖေချစ်တဲ့သား မင်းစော
========================================
.
အနော်ရထာမင်းကြီး ကို ပထမမြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ မင်းအဖြစ်အားလုံး သိကြတယ်။ ပုဂါရာမ လို့ခေါ်တဲ့ ပုဂံနေပြည်တော်ကြီးကို အခြေပြုပြီး တစ်နိုင်ငံလုံးကို စည်းရုံးခဲ့တယ်။ အဲဒီခေတ်က မြန်မာနိုင်ငံ အကျယ်အဝန်းဟာ အခုလက်ရှိ မြန်မာနိုင်ငံ နယ်နမိတ်နီးပါးရှိတယ်လို့ သမိုင်းကဆိုတယ် (Reference 1) ။ အနော်ရထာမင်းကြီးရဲ့အကြောင်း သမိုင်း အဆောင်ဆောင်မှာပါပြီးသားမို့ အထူးမရေးတော့ပါဘူး။ ခရစ်သက္ကရာဇ် ၁၀၄၄ မှာ နန်းတက်ခဲ့တာကစလို့ စစ်သူကြီး ၄ ယောက်နဲ့ အတူ တိုင်းပြည်ကို တည်ဆောက်ခဲ့တာ၊ ထေရဝါဒဗုဒ္ဓဘာသာကို ရှင်အရဟံ အကူအညီနဲ့ ပြန့်ပွားစေခဲ့တာ၊ သာသနာသန့်ရှင်းရေး လုပ်ခဲ့တာကစလို့ နောက်ဆုံး တိုက်ပွဲဝင်ရင်း သေဆုံးခဲ့တာတွေဟာ မြန်မာတို့အတွက် ဂုဏ်ယူစရာ သမိုင်းကြောင်းပါဘဲ။ အချို့သမိုင်းစာတွေမှာတော့ ကျွဲခတ်လို့ သေဆုံးတယ်လို့ဆိုတယ် (Reference 2) ။
.
အနော်ရထာမင်းကြီးရဲ့ လူသိများတဲ့သမိုင်းကြောင်းတွေအပြင် အခြားလူသိနည်းတဲ့ သမိုင်းကြောင်းတွေလည်း နဲနဲပြောချင်ပါတယ်။ မိဘကျေးဇူးကို သိတတ်တဲ့သား၊ ဖခင်ရဲ့ ဂုဏ်သိက္ခာအတွက်၊ မိခင်ရဲ့ အရှက်သိက္ခာအတွက် ကာကွယ်စောင့်ရှောက်ခဲ့တဲ့သား၊ ဆိုတဲ့ အကြောင်းလေးတွေ နဲနဲပြောပြချင်တယ်။
.
သမိုင်းကြောင်းလေး နဲနဲပြန်စရရင် အနော်ရထာမင်းကြီးရဲ့ငယ်နာမည် မင်းစော။ မင်းစော ရဲ့ ခမည်းတော် ကွမ်းဆော်ကြောင်းဖြူမင်းဟာ ခရစ်သက္ကရာဇ် ၁၀၀၁ မှာ ပုဂံမှာ နန်းတက်ခဲ့တယ်။ သူ့အရင် ပုဂံမင်း ညောင်ဦးစောရဟန်းမင်း ကွယ်လွန်လို့ ကျန်ခဲ့တဲ့ ညီအမ မိဖုရား ၃ ပါးကို မိဖုရားဆက်မြောက်တယ်။ တောင်ပြင်သည်မိဖုရား နဲ့ အလယ်ပြင်သည်မိဖုရား တို့မှာ ညောင်ဦးစောရဟန်းမင်းနဲ့ ရတဲ့ ကိုယ်ဝန်ပါလာခဲ့တယ်။ မကြာမတင် တောင်ပြင်သည်မိဖုရားက ကျည်စိုးမင်းသားကို ခရစ်သက္ကရာဇ် ၁၀၀၁ မှာ မွေးဖွားတယ်။ အလယ်ပြင်သည်မိဖုရားက လပိုင်းဘဲခြားပြီးတော့ စုက္ကတေးမင်းသားကို မွေးဖွားတယ် ။ ဆိုလိုတာ ကျည်စိုးမင်းသား နဲ့ စုက္ကတေးမင်းသား တို့ဟာ အဖေတူ အမေကွဲ ညီအကိုတွေ၊ သူတို့ရဲ့ ခမည်းတော်က ညောင်ဦးစောရဟန်းမင်းပေါ့။ ညီမအငယ်ဆုံး မြောက်ပြည်သည်မိဖုရားက ကွမ်းဆော်ကြောင်းဖြူမင်းနဲ့ ရတဲ့သား မင်းစောမင်းသားကို ခရစ်သက္ကရာဇ် ၁၀၁၄ မှာ မွေးဖွားတယ်။ အဲဒီတော့ ကျည်းစိုးမင်းသား နဲ့ စုက္ကတေးမင်းသားတို့ဟာ မင်းစောမင်းသားရဲ့ အကိုဝမ်းကွဲတွေပေါ့။
.
ကျည်းစိုးမင်းသား နဲ့ စုက္ကတေးမင်းသားတို့ အရွယ်ရောက်လာတဲ့အခါ ကွမ်းဆော်ကြောင်းဖြူမင်းကို ရဟန်း အတင်းဝတ်ခိုင်းပြီး ခရစ်သက္ကရာဇ် ၁၀၂၁ မှာ ထီးနန်းက ချလိုက်တယ်။ အဲဒီ အချိန်မှာ မင်းစောမင်းသားလေးဟာ အသက် ၆ နှစ်သားဘဲရှိသေးတယ်။ ခမည်းတော် နန်းကျဘုရင်ကြီးနဲ့ မယ်တော် မြောက်ပြင်သည်တို့အတူ ရဟန်းကျောင်းလေးမှာ လိုက်နေရတယ်။ မင်းစောမင်းသား အရွယ်ရောက်လာချိန် နန်းတော်ထဲ ဝင်ထွက်သွားလာနေတဲ့ တစ်နေ့မှာ စုက္ကတေးဘုရင်က လူတွေရှေ့မှာ ညီနောင်သားမယ်လို့ စ နောက်ပြီး ခေါ်လိုက်တယ်။ အဓ္ဓိပါယ်က မင်းစောရဲ့ မယ်တော် မြောက်ပြင်သည်မိဖုရားဟောင်းကို သူ သိမ်းပိုက်မယ်လို့ စ လိုက်တာ။ အဲဒီမှာ မင်းစောက ခမည်းတော်ကို နန်းချခဲ့တဲ့ အချက် မယ်တော် သိမ်းပိုက်မယ်လို့ လူတွေရှေ့မှာ စ နောက်တာ တစ်ကြောင်းကြောင့် စိတ်ဆိုးပြီး ပုန်ကန်မယ်ဆိုတဲ့ အကြံနဲ့ ပုပ္ပါးအရပ်ကို ရှောင်တိမ်းသွားတယ်။ အဲဒီတော့မှ စုက္ကတေးဘုရင်က စိတ်ဆိုးပြီး မင်းစောမင်းသားရဲ့မယ်တော် မြောက်ပြင်သည်မိဖုရားဟောင်းကို သိမ်းပိုက်လိုက်တယ် (Reference 3) ။
.
မင်းစောမင်းသား ပုပ္ပါးအရပ်ကို မထွက်ခင်မှာ ခမည်တော်ကွမ်းဆော်ကြောင်းဖြူက အရိန္ဒမာလှံ၊ သီလဝဓား၊ ပတ္တမြားလက်စွပ်၊ ပတ္တမြားဥသျှောင်ကျင်တို့ကို ပေးလိုက်လိုက်တယ်လို့ဆိုတယ် (Reference 4) ။ ခရစ်သက္ကရာဇ် ၁၀၄၄ မှာ မင်းစောဟာ ပုပ္ပါးအရပ်က စုစည်းညီညွတ်ထားတဲ့ ရဲမက်တွေနဲ့ ပုဂံမြို့တော်ကို ချီတက်လာပြီး ရာဇသံပေးတယ်။ နန်းအပ်မလား တစ်ယောက်ချင်းရင်ဆိုင် စီးချင်းထိုးမလားပေါ့။ ဒီမှာ မင်းစောမင်းသားရဲ့ သူရဲကောင်းတို့ နှလုံးသားကို တွေ့နိုင်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ မနစ်နာစေနဲ့။ မင်းယောက်ျားချင်း စီးချင်းထိုးမယ်လို့ တောင်းဆိုခဲ့တာတွေ့နိုင်ပါတယ်။
.
တိုတိုပြောရရင် စုက္ကတေးဘုရင်နဲ့ မင်းစောမင်းသားနဲ့ သမထီးချောင်းကမ်းပါးလွင်ပြင် စီးချင်းထိုးခဲ့ကြတယ်။ သိန္ဓောလို့ခေါ်တဲ့မြင်းညိုကြီးစီးလာတဲ့ စုက္ကတေးဘုရင်ရယ် ခန္တီကလက်လှလို့ခေါ်တဲ့ မြင်းဖြူကြီးစီးလာတဲ့ မင်းစောမင်းသားရယ် သမထီးချောင်းကမ်းပါးလွင်ပြင်မှာ လှံကိုယ်စီစွဲလို့ ရင်ဆိုင်ခဲ့တယ်။ စုက္ကတေးဘုရင်ဘက်က ပါလာတဲ့ ပုဂံနန်းတော်ထဲက ရဲမက်တွေရယ်၊ မင်းစောမင်းသားကို ဝိုင်းရံပြီးပါလာတဲ့ ပုပ္ပါးနယ်သားရဲမက်တွေရယ်၊ ပြီးတော့ ပုဂံပြည်သူတွေရဲ့ မျက်စေ့အောက်မှာဘဲ စုက္ကတေးဘုရင်ဟာ မင်းစောမင်းသား ပစ်လွတ်လိုက်တဲ့ အရိန္ဒမာလှံ ရင်ထဲကို ရှေ့မှနောက် ဖေါက်ထွင်းဝင်ရင်းကျဆုံးခဲ့တယ်။ ဒီနေရာမှာလဲ မင်းစောမင်းသားရဲ့ သူရဲကောင်းနှလုံးသားကို တစ်ခါတွေ့ရပြန်တယ်။ နှစ်ဦးသားရင်ဆိုင်ကြအသေသတ်ကြတဲ့ပွဲမှာ မင်းစောမင်းသားဟာ သူ့ထက်အကြီး အကိုဝမ်းကွဲ စုက္ကတေးဘုရင်ကို အရင်တိုက်ခွင့်ပေးခဲ့တယ်။ စုက္ကတေးဘုရင်ပစ်လွတ်လိုက်တဲ့ လှံချက်လွဲသွားမှ တိုက်ခိုက်ခဲ့တယ်။
.
စီးချင်းထိုးပွဲကိုအောင်နိုင်ခဲ့တဲ့ မင်းစောမင်းသားဟာ နန်းတော်ကိုတက် အောင်ပွဲခံခဲ့တာ မဟုတ်ဘူး။ နန်းကျဘုရင် ခမည်းတော်ရဲ့ ရဟန်းကျောင်းလေးဆီ မူးမတ် ပြည်သူတွေနဲ့ အတူတကွသွားခဲ့တယ်။ ပြီးတော့ နန်းကျခဲ့တဲ့ ခမည်းတော်ဘုရင်ကြီးကို နန်းပြန်တက်ဖို့ လျှောက်ထားခဲ့တယ်။ သက်တော် ၈၀ ကျော်လို့ ၉၀ နားကပ်နေပြီဖြစ်တဲ့ ခမည်းတော်က ငါ့အသက်အရွယ်ကြီးပြီ၊ အမောင်သာမင်းပြုတော့လို့ ခွင့်ပေးခဲ့တယ်။ အဲဒီကျမှ မင်းစောမင်းသားဟာ အနော်ရထာမင်းတရားကြီး (Sanskrit ဘာသာဖြင့် အနုရုဒ္ဒ Aniruddha) အဖြစ် ပုဂံထီနန်းကို သိမ်းပိုက်ခဲ့တယ်။ ပုဂံထီးနန်းကို လက်မခံတော့တဲ့ ခမည်းတော်ကို မင်းမြောက်တန်ဆာငါးပါးနှင့်တကွ မင်းဆောင်၊ မင်းယောင်၊ မင်းခမ်း၊ မင်းနား အကုန်ကျင်းပပြီးတော့ ရဟန်းမင်းအဖြစ်ပြုပေးပြီး မိဖုရား မောင်းမမိဿံတို့နဲ့ အတူ အဲဒီ ကျောင်းလေးမှာဘဲ နေဖို့ စီစဉ်ပေးတယ် (Reference 5) ။ ဒါတင်မက နန်းတက်ပြီး ၃ နှစ်အကြာမှာ သီရိပစ္စယာ အရပ်မှာ ကျောင်းဆောက်လုပ်ကာ ခမည်းတော်ကို ရေစက်ချလှုဒါန်းစေတယ်။ မင်းကြီးဟာ သားတော် အနော်ရထာမင်း ပေးကမ်းတဲ့ ရွှေရေကရားနဲ့ ရေစက်သွန်းချရင်း သင်ကြီးမဟာထေရ်ရဲ့ ရှေ့မှောက်မှာ ကျောင်းတော်ကို သာသနာတော် အတွက်လှုဒါန်းခဲ့တယ် (Reference 6) ။
.
ပြောချက်တာကတော့ ဒါပါဘဲ။ နှလုံးရည် လက်ရုံးရည်နဲ့ ပြည့်စုံတဲ့ အနော်ရထာမင်းကြီးဟာ အဖေ့ကို ချစ်တဲ့သား အဖေ့ကျေးဇူးကိုသိတတ်တဲ့သား တစ်ယောက်ဖြစ်တယ်ဆိုတာ ဖေါ်ထုတ်တင်ပြလိုက်ပါတယ်။
.
References
.
(1) Harrey GE (1925) History of Burma: From the Earliest to 10 March 1824. London: Frank Cass & Co. Ltd.)
(2) ဦးကုလား, မဟာရာဇဝင်, စာမျက်နှာ ၁၇၉
(3) မှန်နန်းရာဇဝင်, စာမျက်နှာ ၂၂၈
(4) ဦးကုလား, မဟာရာဇဝင်, စာမျက်နှာ ၁၅၃
(5) ဦးကုလား မဟာရာဇဝင် စာမျက်နှာ ၁၅၄
(6) တင်နိုင်တိုး, ပုဂံရွှေပြည်မှ သူရဲကောင်းများ, စာမျက်နှာ ၁၅

Monday, August 20, 2018



ပုဂံမင်းဆက်
=========
(မင်းဆက် ၅၅။ မြန်မာ သက္ကရာဇ် ၂၉ - ၇၃၀။ ခရစ်သက္ကရာဇ် ၁၀၇ - ၁၃၆၈)
.
ပုဂံမင်းများနှင့် နန်းတက်ခဲ့သော ခရစ်သက္ကရာဇ်များကို စာရင်းပြုစုပါသည်။
.
၁။ သမုတိရာဇ်မင်း ......................... (၁၀၇ - ၁၅၂)
၂။ ဆရာ ရသေ့ကြောင် ................... (၁၅၂ - ၁၆၇)
၃။ ပြူစောထီး ................................ (၁၆၇ - ၂၄၂)
၎။ သား - ထီးမင်းယဉ် ..................... (၂၄၂ - ၂၉၉)
၅။ ယဉ်မင်းပိုက် .............................. (၂၉၉ - ၃၂၄)
၆။ ပိုက်သေဉ်လည် ......................... (၃၂၄ - ၃၄၄)
၇။ သေလည်ကြောင် ....................... (၃၄၄ - ၃၈၇)
၈။ ကြောင်ဒူရာဇ် ............................ (၃၈၇ - ၄၁၂)
၉။ သည်ထန် ................................. (၄၁၂ - ၄၄၁)
၁၀။ အမတ်သူရဲ (က) မုက္ခမန် ........... (၄၃၉ - ၄၉၄)
၁၁။ သည်ထန်၏မြေး - သာရမွန်ဖျား ... (၄၉၄ - ၅၁၆)
၁၂။ သား - သိုက်တိုင် ...................... (၅၁၆ - ၅၂၃)
၁၃။ သေဉ်လည်ကြောင်ငယ် ............. (၅၂၃ - ၅၃၂)
၁၄။ ညီ - သေဉ်လည်ခိုက် ................ (၅၃၂ - ၅၄၇)
၁၅။ ခန်းလောင်း ............................. (၅၄၇ - ၅၅၇)
၁၆။ ခန်းလတ် ................................ (၅၅၇ - ၅၆၉)
၁၇။ သား - ထွန်းတိုက် .................... (၅၆၉ - ၅၈၂)
၁၈။ ထွန်ပစ် ................................... (၅၈၂ - ၅၉၈)
၁၉။ ထွန်ခြစ် .................................. (၅၉၈ - ၆၁၃)
၂၀။ ပုပ္ပားစောရဟန်းမင်း .................. (၆၁၄ - ၆၄၀)
၂၁။ ထွန်ခြစ်၏သား - ရွှေအုန်းသီး ...... (၆၄၀ - ၆၅၂)
၂၂။ ညီ - ပိဿုံ ............................... (၆၅၂ - ၆၆၀)
၂၃။ သား - ပိတ်တောင်း ................... (၆၆၀ - ၇၁၀)
၂၄။ ညီ - မင်းခွေး ........................... (၇၁၀ - ၇၁၆)
၂၅။ မြင်းကျွေးမင်း ........................... (၇၁၆ - ၇၂၆)
၂၆။ ထွန်ခြစ်၏မြေး - သိင်္ခ ................ (၇၂၆ - ၇၃၄)
၂၇။ သား - သိန်းခွန် ........................ (၇၃၄ - ၇၄၄)
၂၈။ ရွှေလောင်း .............................. (၇၄၄ - ၇၅၃)
၂၉။ ထွန်တွင်း ................................ (၇၅၃ - ၇၆၂)
၃၀။ ရွှေမှောက် ............................... (၇၆၂ - ၇၈၅)
၃၁။ ညီ - ထွန်လတ် ........................ (၇၈၅ - ၈၀၂)
၃၂။ သား - စောမွန်နစ် .................... (၈၀၂ - ၈၂၉)
၃၃။ ခဲလူး ...................................... (၈၂၉ - ၈၆၄)
၃၄။ ညီ - ပျဉ်ပြား ........................... (၈၄၆ - ၈၇၈)
၃၅။ သား - တန်နက် ....................... (၈၇၈ - ၉၀၆)
၃၆။ စလေငခွေး .............................. (၉၀၆ - ၉၁၅)
၃၇။ သား - သိန်းခို .......................... (၉၁၅ - ၉၃၁)
၃၈။ ညောင်ဦးစောရဟန်း ................. (၉၃၁ - ၉၆၄)
၃၉။ တန်နက်သား - ကွမ်းဆော် ......... (၉၆၄ - ၉၈၆)
၄၀။ သား - ကြီးစိုး ........................... (၉၈၆ - ၉၉၂)
၄၁။ ညီ - စုက္ကတေး ......................... (၉၉၂ - ၁၀၁၇)
၄၂။ သား - နော်ရထာ ..................... (၁၀၄၄ - ၁၀၇၇)
၄၃။ သား - စောလူး ........................ (၁၀၇၇ - ၁၀၈၄)
၄၄။ ညီ - ကျန်စစ်သား ..................... (၁၀၈၄ - ၁၁၁၂)
၄၅။ မြေး - အလောင်းစည်သူ ............. (၁၁၁၂ - ၁၁၆၇)
၄၆။ သား - နရသူ ........................... (၁၁၆၇ - ၁၁၇၁)
၄၇။ မင်းယဉ်နရသိန် ....................... (၁၁၇၁ - ၁၁၇၄)
၄၈။ ညီ - နရပတိစည်သူ .................. (၁၁၇၄ - ၁၁၂၁)
၄၉။ သား - ထီးလိုမင်းလို ................. (၁၁၂၁ - ၁၂၃၄)
၅၀။ ကျစွာ ..................................... (၁၂၃၄ - ၁၂၅၀)
၅၁။ ဥဇနာ...................................... (၁၂၅၀ - ၁၂၅၅)
၅၂။ နရသီဟပတေ့ ......................... (၁၂၅၅ - ၁၂၈၆)
၅၃။ ကျော်စွာ ................................. (၁၂၈၆ - ၁၂၉၈)
၅၄။ စောနစ် ................................... (၁၂၉၈ - ၁၃၂၅)
၅၅။ စောမွန်နစ် ................................ (၁၃၂၅ - ၁၃၆၈)
(ပါမောက္ခ ဦးဖေမောင်တင် ပြုစုခဲ့သော ပုဂံ မင်းဆက် စာရင်းကို ခရစ်သက္ကရာဇ်ဖြင့် တွက်ချက်ရေးသား ဖြည့်စွက်ပါသည်။)
ဦးဖေမောင်တင် ၂၀၀၃။ မြန်မာစာပေသမိုင်း (ပဉ္စမ အကြိမ်)၊


မြန်မာသက္ကရာဇ်ကပြောသော မြန်မာနိုင်ငံသမိုင်း (၁) အား ဆွေးနွေးခြင်း
==================================================
.
ခုနှစ်တွေ ရက်စွဲတွေနဲ့ ပတ်သက်ရင် ဆွေးနွေးစရာတွေ အတော် များများတော့ ရှိတယ်။ ဒါပေမဲ့ အရေးကြီးတယ် ထင်တာလေးတွေဘဲ ပြောချင်တယ်။
.
ပထမဆုံး သတိပြုမိတာက ဂေါတမမြတ်စွာဘုရား မွေးဖွားတဲ့ ခုနှစ်ပါ။ မြန်မာသမိုင်းစာအုပ်တွေမှာတော့ ၆၂၃ BC မှာ မွေးဖွားပြီး ၅၄၃ BC မှာ ပရိနိဗ္ဗာန်စံတော်မူတယ်လို့ဘဲတွေ့ရတယ်။ ဒါပေမဲ့ တချို့ စာတန်းမှာတော့ ၅၆၃ BC မှာ မွေးဖွားပြီး ၄၈၃ BC မှာ ပရိနိဗ္ဗာန်စံတော်မူတယ်လို့ဘဲတွေ့ရတယ် (Reference ၃) ။ တချို့စာအုပ်မှာတော့ ၄၈၀ BC မှာ မွေးဖွားပြီး ၄၀၀ BC မှာ ပရိနိဗ္ဗာန်စံတော်မူတယ်လို့ဘဲတွေ့ရတယ် (Reference ၄) ။ အဲဒီ ကွဲပြားချက်ကြောင့် သာသနာသက္ကရာဇ် မြန်မာသက္ကရာဇ် အတွက်အချက်တွေ ရောသွားနိုင်တယ်။ ကမ္ဘာ့သမိုင်းကြောင်းတွေနဲ့ ယှဉ်ကြည့်တဲ့အခါ အမှားအယွင်းတွေဖြစ်နိုင်ပါတယ်။
.
ဒုတိယ သတိထားမိတာကတော့ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရာဇ်မင်း နဲ့ ပျူတိုင်းရင်းသားတို့ အကြောင်းပါဘဲ။
.
ဦးကုလားရေးတဲ့ မဟာရာဇဝင်ကြီး နဲ့ မှန်နန်းမဟာရာဇဝင်တော်ကြီး မှာတော့ ပျူတို့ အကြောင်းကိုဖေါ်ပြရင် သရေခေတ္တရာ အကြောင်းသာ အဓိကထားပြီးဖေါ်ပြခဲ့ကြတယ်။ ပျူတို့ရဲ့ မြို့တော် သရေခေတ္တရာပြည်ကို ဒွတ္တဘောင်မင်းကြီးက သာသနာသက္ကရာဇ် ၁၀၁ မှာ တည်တယ်လို့ဆိုတယ် (Reference ၅၊ ၆) ။ အဲဒါ ၄၄၃ BC ပါ။ ဆိုလိုတာ ဒီမှတ်တမ်းတွေ အရ သရေခေတ္တရာပြည်ကြီးဟာ ခရစ်တော် မပေါ်မီ နှစ် ၄၀၀ ကျော်ထဲက ရှိနေပြီးသားပေါ့။ အဲဒီနောက် သရေခေတ္တရာပြည်ကို မင်းအဆက်ဆက် အုပ်စိုးခဲ့ကြပြီး သာသနာသက္ကရာဇ် ၆၁၇ (ခရစ်သက္ကရာဇ် ၇၃) မှာ သုမုန္ဒီရာဇ်မင်းနန်းတက်တယ်။ သက်တော် ၂၈ နှစ် (သာသနာသက္ကရာဇ် ၆၂၄၊ ခရစ်သက္ကရာဇ် ၈၀) မှာ ကွယ်လွန်တယ်။ သူကွယ်လွန်တဲ့နှစ် သာသနာသက္ကရာဇ် ၆၂၄ အရောက်မှာ ၆၂၂ နှစ်ကို ဖြိုပြီး ကောဇာသက္ကရာဇ် ၂ ကနေ ပြန်စရေတွက်တယ်။ အဲဒီနောက် သုပညာနာဂရဆိန္နမင်း လက်ထက် (ကောဇာသက္ကရာဇ် ၁၆ ၊ ခရစ်သက္ကရာဇ် ၉၄) မှာ လေပွေလာပြီး စကောလွင့်တာက စလို့ ငစကောစစ်လာတယ်ဆိုပြီး တိုင်းပြည်ပျက်တယ်လို့ဆိုတယ်။ အဲဒီတော့ ဒီစာတွေအရ သရေခေတ္တရာပြည်ကြီးဟာ ခရစ်သက္ကရာဇ် ၉၄ မှာ ပျက်တယ်လို့ ယူဆနိုင်စရာရှိတယ်။
.
ခေတ်သစ်သမိုင်းပညာရှင်တွေကတော့ ရှေးဟောင်းသုတေသနဌာနက မြို့ဟောင်းတူးဖေါ်လို့ရတဲ့ တွေ့ရှိမှုတွေကို အခြေခံပြီးရေးသားတယ်။ ပျူတို့ဟာ ခရစ်မပေါ်မီ ၃ ရာစုက ခရစ်ပေါ်ပြီး ၉ ရာစုထိ (၃၀၀ BC ကနေ AD 900) မြန်မာနိုင်ငံမှာ အခြေပြုခဲ့ကြတယ်လို့ တွေ့ရှိခဲ့ကြတယ်။ အဲဒီလို ပျူတို့ မြန်မာနိုင်ငံမှာ ခရစ်တော် မမွေးဖွားခင်နှစ် ၃၀၀၊ ၄၀၀ ကျော်ထဲက အခြေချပြီး မြို့ပြနိုင်ငံတွေထူထောင်ခဲ့တယ် ဆိုတဲ့အချက်ဟာ ဦးကုလားမဟာရာဇဝင်ကြီး၊ မှန်နန်းမဟာရာဇဝင်တော် နဲ့ ခေတ်သစ်သမိုင်းပညာရှင်တွေ အားလုံး တညီတညွတ်ထဲသဘောတူခဲ့ကြတယ်။ ပြောချင်တာ မြန်မာရာဇဝင်ဘယ်ကစလို့ မေးလာခဲ့ရင် အနော်ရထာမင်းလက်ထက် (ခရစ်သက္ကရာဇ် ၁၀၄၄) မဟုတ်၊ ပျူမြို့ပြနိုင်ငံတွေ (၄၀၀ BC ကျော်) က စခဲ့တယ်ဆိုတဲ့ အချက်ပါဘဲ။ ဒီအချက်ဟာ မြန်မာလူမျိုးတို့အတွက် အရေးကြီးတယ်လို့ထင်တယ်။
.
ပျူတို့ဟာ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ (ဂြီကွေတြ) ၊ မိုင်းမော (ထုမိန်) လို့ခေါ်တဲ့ ပျူမြို့တော်တွေ ထူထောင်ခဲ့ရုံမက အခြားပျူမြို့ (၃၂) မြို့၊ တပ်မြို့ (၉) မြို့ ထူထောင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်း နေခဲ့ကြတယ်။
.
ပျူတို့ဟာ ရွှေဘို ကနေ ပြည်မြို့နားတဝိုက်သာမက မြောက်ဘက်မှာ ရွှေလီမြစ်ညာမှ တောင်ဘက် မုတ္တမ ထိ၊ အရှေ့ဘက်မှာ ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ်အနောက်ကမ်းမှ အနောက်ဘက်မှာ ရေဦးမြစ်တစ်လျှောက် ထီးလင်း (ယောနယ် အနောက်ပိုင်း) အားလုံးဖြန့်နေခဲ့တယ် (Reference ၇) ။ သရေခေတ္တရာ (ဂြီကွေတြ) ဘုရားထောင်မှာတွေ့ရှိခဲ့တဲ့ ကျောက်အရိုးအိုးကြီနဲ့ ကျောက်စာအရ ပျူမင်းကြီး ၆ ပါးရဲ့ နာမည်တွေ သိခဲ့ရတယ်။ အဲဒီမင်းကြီးတွေဟာ ဗုဒ္ဓသာသနာတော်ကို စည်ပင်အောင်ဆောင်ရွက်ခဲ့ကြောင်း၊ ရဟန်းသံဃာတွေကို ပစ္စည်းလေးပါး လှူဒါန်းခဲ့ကြောင်း သိရတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ပျူတွေဟာ ပျူစာပေကို တည်ထွင်နိုင်ခဲ့တယ်။ ရိုးရာဓလေ့ကို အက္ခရာတင်ပြီး ဥပဒေကျမ်းအဖြစ် သုံးစွဲနိုင်ပြုစုခဲ့တယ်လို့ ဆိုတယ်။ ဒါ့ပြင် ကုန်စည်ကူးသန်းမှုကို တရုတ်ပြည်၊ အင်ဒိုနီးရှားပြည်၊ ရခိုင်နဲ့ ဘင်္ဂလားပြည်တွေထိရောက်ခဲ့တယ် ဆိုတာကြည့်ခြင်းအားဖြင့် ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားစွာရှိခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
.
ဒါပေမဲ့ ပျူမင်းတွေရဲ့ နာမည်တွေ နဲ့ နန်းတက်ခဲ့တဲ့ ခုနှစ်တွေကို ကြည့်ရင် ခေတ်ဟောင်းမြန်မာသမိုင်းတွေနဲ့ ခေတ်သစ်သမိုင်းပညာရှင်တွေရဲ့ ယူဆချက်တွေ တွေ့ရှိချက်တွေ မတူကြဘူး။ ခေတ်သစ်သမိုင်းစာတွေအရ ပျူသမိုင်းမှာ ပထမဆုံး ဒွတ္တဘောင် (တ္ဒဗံ့း) လို့ အမည်ခံတဲ့မင်းဟာ ဟရိဝိကြမ ဖြစ်ပြီး ခရစ်သက္ကရာဇ် ၁၂၀ မှာ ကွယ်လွန်တယ်လို့ဆိုတယ် (Reference ၇) ။ အရိုးအိုးနဲ့ ကျောက်စာတွေမှာတွေ့ရတဲ့ ပျူမင်းတွေရဲ့ နာမည်တွေကို ခေတ်ဟောင်းသမိုင်းစာတွေမှာ မတွေ့ရဘူး။ အဲဒီလိုပါဘဲ။ ခေတ်ဟောင်းသမိုင်းမှာပါတဲ့ သုမုန္ဒီရာဇ်မင်းအကြောင်း အခုထိ ခေတ်သစ်သမိုင်းဆရာတို့ ဖေါ်ပြတာမတွေ့ရသေးပါ။ ဖြစ်ဖို့များတာက ခေတ်သစ်သမိုင်းစာတွေဟာ ရှေးဟောင်းသုတေသနတူးဖေါ်မှုတွေအခြေခံတယ်။ ကျောက်စာပေါ်မှာတွေ့ရှိချက်ကိုသာ သမိုင်းအဖြစ်ယူဆတယ်။ အဲဒါဟာမှန်ကန်တဲ့ လုပ်ဆောင်မှုဖြစ်ပေမဲ့ ပျက်စီးကုန်နိုင်တဲ့ သမိုင်းအထောက်အထား (ဥပမာ။ ပေစာ) ကို ထဲ့သွင်းစဉ်းစားသင့်ပါတယ်။ ပေရွက်ပေါ်မှာ မှတ်တမ်းတင်တဲ့ အလေ့ဟာ စတုထ္ထသင်္ဂါယနာတင်တဲ့ သာသနာသက္ကရာဇ် ၄၅၀ ကတဲက စတင်ခဲ့တယ်။ ယဉ်ကျေးမှုအဆင့်အတန်းမြင့်ခဲ့တဲ့ ပျူစာကိုတောင် စတင်ရေးသားသုံးစွဲခဲ့ကြတဲ့ ပျူတို့ဟာ ပေစာကိုသုံးပြီးမှတ်တမ်းတင်ခဲ့ရင် အဲဒီအထောက်အထားတွေ ရှာမတွေ့သေးလို့လားလို့ စဉ်းစားမိပါတယ်။ အဲဒီလိုဆိုရင်တော့ ဆက်လက်ဖေါ်ထုတ်ဖို့ လိုနေသေးတယ်လို့ မှတ်ချက်ပေးနိုင်ပါတယ်။ နောက်ထဲ့သွင်းစဉ်းစားသင့်တာက ခေတ်သစ်သမိုင်းပညာရှင်တွေ လက်ခံထားကြတဲ့ နန်ကျောင်လူမျိုးတို့ သရေခေတ္တရာ (ဂြီကွေတြ) ကို ခရစ်သက္ကရာဇ် ၈၃၂ မှာ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သမိုင်းအထောက်အထားတွေ အများအပြားဆုံးရှုံးခဲ့သလား ဆိုတာပါဘဲ။
.
သရေခေတ္တရာ (ဂြီကွေတြ) ပျက်စီးတဲ့နှစ်ကို မဟာရာဇဝင်ကြီး နဲ့ မှန်နန်းမဟာရာဇဝင်တော်ကြီးတို့မှာ ခရစ်သက္ကရာဇ် ၉၄ လို့ဆိုတယ်။ ခေတ်သစ်သမိုင်းပညာရှင်တွေနဲ့ တရုတ်မှတ်တမ်းတွေမှာတော့ ခရစ်သက္ကရာဇ် ၈၃၂ လို့ဆိုတယ်။ တူးဖေါ်ရရှိတဲ့ သမိုင်းအထောက်အထားတွေအရ ပျူမြို့ပြတွေဟာ ၈ ရာစုထိရှိခဲ့တာကို သိနိုင်ပါတယ်။ သိပ်ဖြစ်နိုင်ချေမရှိတဲ့ ပုံပြင်ဆန်လွန်းတဲ့ လေပွေလာပြီး စကောလွင့်တာက စလို့ ငစကောစစ်လာတယ်ဆိုပြီး တိုင်းပြည်ပျက်တယ် ဆိုတဲ့ ဇတ်လမ်းကို မဟာရာဇဝင်ကြီး နဲ့ မှန်နန်းမဟာရာဇဝင်တော်ကြီးတို့မှာ ထည့်သွင်းဖေါ်ပြခဲ့ခြင်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုပါဘဲ။
.
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက ဒုတိယအကြိမ် သက္ကရာဇ်ဖြိုတဲ့အချိန်က ပုဂံရာဇဝင်မှာ မှတ်တမ်းများ ကောင်းစွာမရှိလို့ သတ်မှတ်ထားတဲ့ အချိန်မှာကျရောက်နေတယ်။ သမုတိရာဇ်မင်း ပုဂံစတည်တဲ့နှစ် (မြန်မာသက္ကရာဇ် ၂၉ ၊ ခရစ်သက္ကရာဇ် ၁၀၇) ကနေ အနော်ရထာမင်းနန်းတက်တဲ့နှစ် (မြန်မာသက္ကရာဇ် ၄၀၆ ၊ ခရစ်သက္ကရာဇ် ၁၀၄၄) ထိ ယုံကြည်စိတ်ချလောက်သော အထောက်အထား မှတ်တမ်းတွေမတွေ့ရလို့ ဆိုတယ်။
.
စဉ်းစားမိတာနှစ်ချက်။ သမုတိရာဇ်မင်း ပုဂံစတည်တဲ့နှစ် ခရစ်သက္ကရာဇ် ၁၀၇ ဟာ ပျူတွေနဲ့ ခေတ်ပြိုင်ဘဲရှိသေးတယ်။ ဒါဆိုရင် သရေခေတ္တရာပျက်စီးမှ ပုဂံစတည်တာမဟုတ်လောက်လို့ စဉ်းစားမိတယ်။ ဒီအချက်ကို ထောက်ခံနိုင်တဲ့တစ်ချက်က ပုဂံဟာ တရုတ်မှတ်တမ်းတွေအရ တန်ပေါလို့ခေါ်တဲ့ ပျူ ၃၂ မြို့ထဲက တစ်မြို့ဖြစ်နေခဲ့တယ် (Reference ၇) ။ ပုဂံဟာ ပျူမြို့တစ်ခု သို့မဟုတ် မဟာမိတ်အနေအထားနဲ့ရှိနေခဲ့ရင် နန်ကျောင်လူမျိုးတို့ဝင်ရောက်တိုက်ခိုက်လို့ ပျူမြို့တော်ပျက်စီးတဲ့ အချိန်မှာ ပုဂံ ကိုကော နန်ကျောင်လူမျိုးမတိုက်ခိုက်ဘဲ ထားခဲ့လိုက်မယ်လို့ ထင်စရာမရှိပါ။ ပုဂံကို ဝင်ရောက်တိုက်ခိုက်ခဲ့ရင်တော့ သမိုင်းအထောက်အထားတွေ ပျက်စီးကုန်ဖို့ အတော်များပါတယ်။
.
ဒုတိယ စဉ်းစားမိတာက မြန်မာသက္ကရာဇ်ကိုဖြိုခဲ့တဲ့ ပုပ္ပားစောရဟန်းမင်းနန်းတက်ချိန် (မြန်မာသက္ကရာဇ် ၅၃၆ - ၅၆၂ ၊ ခရစ်သက္ကရာဇ် ၆၁၄ - ၆၄၀) မှာ သရေခေတ္တရာဟာ စည်ကားနေတဲ့ အချိန်သာဖြစ်တယ်။ အဲဒါသာမှန်ကန်ခဲ့ရင် ပုဂံသားတို့ဟာ ပျူတို့ရဲ့ စာပေ ယဉ်ကျေးမှုကို ၆ ရာစု ကတဲက ဆက်ခံရရှိခဲ့လိမ့်မယ်။ မြစေတီကျောက်စာရေးခဲ့တဲ့ ၁၁ ရာစုကျမှ ပျူစာနဲ့ ပျူယဉ်ကျေးမှုဟာ ပုဂံကိုရောက်လာခဲ့တာမဟုတ်လို့ ပြောနိုင်ပါတယ်။
.
အချုပ်အားဖြင့်ပြောရရင် ပျူမြို့ပြနိုင်ငံတွေဟာ မြန်မာတို့ရဲ့ ပထမနိုင်ငံတော် လို့တင်ပြချင်ပါတယ်။
.
.
References
(၃) Cousins, LS (1996), "The dating of the historical Buddha: a review article", Journal of the Royal Asiatic Society, 3, Indology, 6 (1): 57-63,
(၄) Norman, KR (1997), A Philological Approach to Buddhism (PDF), The Bukkyo Dendo Kyokai Lectures 1994, School of Oriental and African Studies (University of London)
(၅) ဦကုလား (မဟာရာဇဝင်ကြီး)၊ ပဉ္စမအကြိမ် (၂၀၀၆)၊ စာမျက်နှာ ၁၁၉
(၆) မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ပဉ္စမအကြိမ် (၂၀၀၃)၊ စာမျက်နှာ ၁၇၁
(၇) ဒေါက်တာသန်းထွန်း ၂၀၀၅၊ ‘တ္ဒဗံ့း (ဒွတ္တဘောင်) အရင်အနှစ် ၆၀၀ ကျော်က ကျော်ကြားခဲ့တဲ့ ပျူသူရဲကောင်း’၊ မိုးဂျာနယ်၊ ဧပြီ၊ ၁၅၈-၁၇၄


မြန်မာသက္ကရာဇ်ကပြောသော မြန်မာနိုင်ငံသမိုင်း (၁)
====================================
မြန်မာ့သမိုင်းစာအုပ်တွေဖတ်ရင် အရင်ဆုံးမျက်စိလည်မိတာ သက္ကရာဇ်တွေ။ စာတွေဖတ်လိုက်ရင် အများအားဖြင့် သက္ကရာဇ်လို့ဘဲ ရေးကြတော့ မြန်မာသက္ကရာဇ်လား ခရစ်သက္ကရာဇ်လား မသိ။ အဲဒီတော့ မြန်မာဘုရင်တွေ ဘယ်သူကအရင် ဘယ်သူကနောက်လဲ မသိ။ အဲဒီတော့ အဖြစ်အပျက်တွေလဲ အရောရော အမှားမှားဖြစ်။ ဒီထဲမှာ သာသနာသက္ကရာဇ် ဆိုတာနဲ့ ကောဇာသက္ကရာဇ် ဆိုတာ ပါလာတော့ ပိုဆိုးတာပေါ့။ ကိုယ့်ကိုတိုင်ကလည်း ခရစ်သက္ကရာဇ် လောက်သာ အကျွမ်းတဝင်ရှိတော့ အခက်အခဲတွေဖြစ်ခဲ့တယ်။ ကိုယ်လေ့လာထားတဲ့ သမိုင်းဆိုတာ စ မဆွေးနွေးခင် သက္ကရာဇ်အကြောင်းနဲနဲနားလည်အောင် ကြိုးစားကြည့်တဲ့သဘောပါဘဲ။
.
ခရစ်သက္ကရာဇ်က နားလည်ဖို့ ပိုလွယ်တယ်။ မှတ်စရာ နှစ်မျိုးဘဲရှိပါတယ်။ AD ဆိုတာနဲ့ BC လို့ခေါ်တယ်။ AD ဆိုတာ လက်တင်စာက ဆင်းသက်လာတယ်လို့ ဆိုတယ်။ အရှည်က anno domini ၊ အဓိပ္ပာယ်က in the year of the Lord လို့ ဆိုပါသတဲ့။ Jesus Christ မွေးဖွားတဲ့နှစ်ကို AD ၁ လို့ သတ်မှတ်တယ်။ အခု ၂၀၁၆ ဆိုတာ Jesus Christ မွေးဖွားပြီးလို့ နှစ်ပေါင်း ၂၀၁၆ ရှိပြီလို့ ဆိုတာပေါ့။ အခုနောက်ပိုင်း AD အစား CE (Common Era) လို့ ပြောင်းသုံးကြတယ်။
.
BC အရှည်က Before Christ ၊ အဓိပ္ပါယ်က Jesus Christ မမွေးခင်နှစ်များပေါ့။ BC က နောက်ပြန်တွက်ပြီးပြောကြတယ်။ AD ၁ မတိုင်ခင်နှစ်က BC ၁ ပေါ့။ ဥပမာထပ်ပေးရရင် ဆိုကရေးတီး ဆိုတဲ့ ဂရိဒဿနပညာရှင်ဟာ ၄၇၀ BC မှာမွေးဖွားပြီး ၃၉၉ BC မှာ သေဆုံးတယ်။ ဆိုလိုတာ ဆိုကရေးတီးဟာ Jesus Christ မမွေးခင် နှစ် ၄၇၀ မှာ မွေးဖွားပြီး Jesus Christ မမွေးခင် နှစ် ၃၉၉ မှာ သေဆုံးတယ် (အဲဒီတော့ အသက် ၇၁ နှစ်ရှည်ခဲ့တယ်ပေါ့)။ အခုနောက်ပိုင်း BC အစား BCE (Before the Common Era) လို့ ပြောင်းသုံးကြတယ်။
.
မြန်မာသက္ကရာဇ်ဟာ သာသနာသက္ကရာဇ်က ဆင်းသက်လာခဲ့တယ်။ သာသနာသက္ကရာဇ်က မဟာသက္ကရာဇ်က ဆင်းသက်လာခဲ့တယ်။ မဟာသက္ကရာဇ်က ရှေးဟောင်းအိန္ဒိယသက္ကရာဇ်က ဆင်းသက်ခဲ့တယ်။ 
.
ဂေါတမမြတ်စွာဘုရားမဖွားမီ ၆၈ နှစ် အလိုမှာ အိန္ဒိယတိုင်း ကောလိယပြည့်ရှင် အဉ္စနဘုရင် (King Anjana) က ရှေးဟောင်းအိန္ဒိယသက္ကရာဇ်ကို ဖြိုပြီး မဟာသက္ကရာဇ် ၁ ကစရေတွက်တယ် (Reference ၁) ။ ဂေါတမမြတ်စွာဘုရားဟာ မဟာသက္ကရာဇ် ၆၈ မှာ ဖွားတော်မူပြီး ၁၄၈ မှာ ပရိနိဗ္ဗာန်စံတော်မူတယ်။ ပရိနိဗ္ဗာန်စံပြီး (၄) လ အကြာမှာ ပထမသင်္ဂါယနာတင်တယ်။ အဲဒီနှစ်ကို သာသနာသက္ကရာဇ် ၁ နှစ် အဖြစ်သတ်မှတ်တယ်။ အဲဒီနောက်ပိုင်း သာသနာသက္ကရာဇ်ကို ဆက်တိုက်သုံးခဲ့ကြတယ်။
.
သာသနာသက္ကရာဇ် ၆၂၄ ရောက်တဲ့ အခါ မြန်မာနိုင်ငံ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရာဇ်မင်း လက်ထက်မှာ သက္ကရာဇ်ဖြိုတယ်။ ၆၂၄ နှစ်က ၆၂၂ ကိုဖြိုပြီး ၂ နှစ်က စတင်ပြီးရေတွက်တယ်။ အဲဒါကို ကောဇာသက္ကရာဇ်လို့ ခေါ်ကြတယ်။ တချို့စာတွေမှာတော့ မြန်မာသက္ကရာဇ်လို့ရေးကြတယ် (ဆိုလိုတာ ကောဇာသက္ကရာဇ် နဲ့ မြန်မာသက္ကရာဇ် ကို အတူတူလို့ဘဲ ရေးကြတယ် (Reference ၂) ။ တချို့စာအုပ်တွေမှာ သရေခေတ္တရာသက္ကရာဇ်လို့ ရေးတယ်။ တချို့စာတွေမှာ သုမုန္ဒီရာဇ်သက္ကရာဇ်လို့ ရေးကြတယ်။ တချို့စာတွေမှာ သက္ကရာဇ်လို့ဘဲ ရေးကြတယ်။
.
ကောဇာသက္ကရာဇ် ၅၆၂ မှာ ပုဂံဘုရင် ပုပ္ပါးစောရဟန်းမင်းလက်ထက်ရောက်လာတော့ သက္ကရာဇ်ထပ်ဖြိုပြန်တယ်။ (၅၆၀) နှစ်ကိုဖြိုပြီး (၂) နှစ်က ပြန်စရေတွက်တယ်။ အဲဒါ အခု မြန်မာ ပြက္ခဒိန်တွေမှာတွေ့ရတဲ့ မြန်မာသက္ကရာဇ် ပါဘဲ။ အဲဒီကစပြီး မြန်မာသက္ကရာဇ် အဖြစ်ရေတွက်ခဲ့ကြတာ အခုထိဘဲဆိုပါတော့။
.
မြန်မာသက္ကရာဇ်နဲ့ ခရစ်သက္ကရာဇ်တို့ ဆက်စပ်နေပုံလေး ကြည့်ရအောင်။ ဂေါတမမြတ်စွာဘုရားက ၆၂၃ BC မှာ မွေးဖွားပြီး ၅၄၃ BC မှာ ပရိနိဗ္ဗာန်စံတော်မူတယ်။ ဆိုလိုတာ ဂေါတမမြတ်စွာဘုရားဟာ Jesus Christ မမွေးခင် ၅၄၃ မှာ ပရိနိဗ္ဗာန်စံခဲ့တယ်။ အဲဒီတော့ ခရစ်သက္ကရာဇ် ကို (၅၄၄) နှစ်ပေါင်းလိုက်ရင် သာသနာသက္ကရာဇ် ရတယ်။ အဲဒီလိုပါဘဲ။ ခရစ်သက္ကရာဇ် ကို (၆၃၈) နှစ် နှုတ်ရင် မြန်မာသက္ကရာဇ် ရတယ်။ 
ခရစ်သက္ကရာဇ် ၂၀၁၆ + ၅၄၄ = သာသနာသက္ကရာဇ် ၂၅၆၀
ခရစ်သက္ကရာဇ် ၂၀၁၆ - ၆၃၈ = မြန်မာသက္ကရာဇ် ၁၃၇၈
.
ဥပမာပေးရရင် မြန်မာသမိုင်းတွေဖတ်တဲ့အခါ “အလောင်းမင်းတရားသည် ၁၁၁၇-ခုနှစ်တွင် ဒဂုံကို အောင်မြင်ပြီးနောက် ရန်အပေါင်းကို ကုန်စင်အောင် လုပ်ကြံတော်မူမည်ဟု အမိန့်ရှိ၍ ရန်ကုန် ဟု သမုတ်တော်မူသည်” လို့တွေ့ခဲ့ရင် ရန်ကုန်လို့ နာမည်ပေးခဲ့တာ ခရစ်သက္ကရာဇ် ၁၇၅၅ (၁၁၁၇ + ၆၃၈) လို့ ဆိုလိုတာပေါ့။
.

Sunday, August 19, 2018

ပုဂံခေတ်မတိုင်မီကမြန်မာ


မြန်မာလူမျိုး  မြန်မာနိုင်ငံဆိုတာ ဘယ်အချိန်ကစခဲ့တယ် ဘယ်လိုစခဲ့တယ်  စသည်ဖြင့်  ရှင်းပြကြတဲ့ စာပေတွေ  အထောက်အထားတွေ  အများကြီးပါဘဲ။   မြန်မာတို့ရဲ့ အစကိုပြောကြရင်  “မြန်မာအစ တကောင်းက“  လို့ပြောလေ့ရှိကြတယ်။  ဆိုလိုတာ  မြန်မာရာဇဝင်ဟာ  တကောင်းမြို့တည်တာက စ တယ်။  တချို့ သမိုင်းစာအုပ်တွေမှာ  သရေခေတ်တရာမြို့တည်တာ  ပြောတယ်။  ပြီးရင် အနော်ရထာမင်းကြီး  ပုဂံပြည်ကို အခြေပြုပြီး  ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်တာကို   ပြောတတ်ကြတယ်။  မြန်မာသမိုင်းစာပေတွေ  ပြန်ကြည့်ရင် အနော်ရထာမင်းကြီးအုပ်စိုးခဲ့တဲ့ ခရစ်သက္ကရာဇ် ၁၀၄၄   နောက်ပိုင်းက စပြီး  အချက်အလက်တချို့  ကွဲလွဲတာကလွဲလို့  အထောက်အထား ခိုင်ခိုင်လုံလုံ  ရှိတယ်လို့  ပြောနိုင်တယ်။ အဲဒီခေတ်မတိုင်မီ  အချိန်က  အကြောင်းတွေကတော့  အထောက်အထား   မခိုင်လုံတဲ့အတွက်  မြန်မာ့သမိုင်းမှာ  ဝေဝေဝါးဝါးသာ ရှိနေတယ်။  တချို့သမိုင်းစာပေတွေဟာ  သမိုင်းနဲ့ပုံပြင်မကွဲတဲ့အတွက်  သမိုင်းကိုလေ့လာသူတွေ  တခါတရံ  အခက်အခဲတွေ့ရတယ်။    ရှေးဟောင်းသမိုင်းစာပေတွေမှာပါတဲ့ မြန်မာတို့ရဲ့   သမိုင်းအစနဲ့ ဒီဘက်ခေတ်မှာ သုတေသနလုပ်ရင်း ရှာဖွေတွေ့ရှိထားချက်တွေဟာ ကွဲပြားခြားနားတာတွေရှိတယ်။   မြန်မာ့သမိုင်းကို စိတ်ဝင်စားကြတဲ့ လူငယ်များအတွက် ဗဟုသုတအနေနဲ့   နားလည်သလောက် ဖေါ်ပြလိုက်ပါတယ်။

လက်လှမ်းမီသမျှ ဖတ်လို့ရတဲ့အထဲက  မြန်မာ့သမိုင်း  လေ့လာသူတိုင်းရဲ့ လက်စွဲဖြစ်တဲ့  ရှေးသမိုင်းကျမ်း  နှစ်စောင်ကို   ကြည့်မိတယ်။  ပထမဆုံးပြောချင်တဲ့  စာအုပ်က  လွန်ခဲ့တဲ့  နှစ် ၃၀၀ ကျော် (ခရစ်သက္ကရာဇ် ၁၇၁၄ နှင့် ၁၇၃၃ ကြား၊ တနင်္ဂနွေမင်း လက်ထက်) က ရေးခဲ့တဲ့  ဦးကုလားရဲ့   မဟာရာဇဝင်ကြီးစာအုပ်။   ဒီစာအုပ်ဟာ မြန်မာ့သမိုင်းစာပေမှာ  အချက်အလက်တို့ပြည့်စုံတယ်  စကားပြေ အရေးအသား ပြေပြစ်  ကောင်းမွန်တယ် စသည်ဖြင့်  နာမည်ကျော်ပြီး  သမိုင်းလေ့လာသူတိုင်း အားထားရတဲ့ ကျမ်းကြီးဖြစ်တယ်။ ပြီးတော့  ကျမ်းပေါင်း ရ၀ ကျော်ကို ကိုးကားခဲ့တယ်လို့ ဆိုတယ်။ 

ဒီစာအုပ်မှာ   မြန်မာ့သမိုင်းကို သရေခေတ္တရာပြည်တည်တာက စတယ်။ သရေခေတ္တရာပြည်ကြီးကို တကောင်းမင်းဆက်က ဆင်းသက်လာတဲ့  ဒွတ္တဘောင်မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ကျော်   (သာသနာသက္ကရာဇ် ၁၀၁၊ဘီစီ ၄၄၃) မှာတည်တယ်လို့ ဆိုတယ်။  အဲဒီ ဒွတ္တဘောင်မင်း မတိုင်မီမှာ တကောင်းပြည်မှာ သတိုးမဟာရာဇာမင်းကြီး အုပ်စိုးခဲ့တယ်။  မိဖုရားကြီးက မျက်မမြင် ညီနောင်  မဟာသမ္ဘဝ နဲ့ စူဠသမ္ဘဝ တို့ကို တို့ကိုမွေးဖွားတဲ့အခါ   မင်းကြီးက  သူ့ရဲ့ အသရေယုတ်လို့ဆိုပြီး  ဖျောက်ဖျက် ခိုင်းတယ်။ မိဖုရားကြီးက   မသတ်ရက်လို့   ဖေါင်နဲ့တင်ပြီး မျှော၊  မိဖုရားကြီးးရဲ့  မောင် ရသေ့ကြီးကကယ်ထား၊   နောက်တော့ ရသေ့ကြီးရဲ့  အစီအစဉ်နဲ့    မဟာသမ္ဘဝက   ပျူတိုင်းပြည်ရဲ့ မင်းဖြစ်လာတယ်။   မဟာသမ္ဘဝ လွန်တဲ့အခါ  သူ့ရဲ့သား   ဒွတ္တဘောင်က   သရေခေတ္တရာပြည်ကြီးကို   တည်ခဲ့တယ်။  

ဒွတ္တဘောင်မင်းလက်ထက်မှာ  သရေခေတ္တရာပြည်ကြီးဟာ  အလွန်စည်ကားခဲ့ပြီး  သာသနာတော်ကိုလည်း အားပေးခဲ့တယ်လို့   ဆိုတယ်။  သောကြမ္မာ၊  ညည်းညည်း၊  စည်းစည်း၊  ပေါပေါ၊  လျောလျော  နဲ့  မြသီတင်လို့  ခေါ်တဲ့ ကောင်းမှုတော် စေတီ ၆ ဆူ ကို တည်ခဲ့တယ်။ နောက်ပိုင်းမှာ အခွန်ကောက်ထွက်ရင်း ပန်ထွာပြည် (ဗိဿဏိုး)  ကို ရောက်သွားတယ်။   ပန်ထွာဘုရင်မ အစီအရင်လုပ်ထားတဲ့ လက်သုတ်ပဝါကို သုံးစွဲမိလို့ ဘုန်းတန်ခိုးတွေရော့ကျပြီး  သေဆုံးခဲ့တယ်။  ပင်လယ်မှာ  လှေနစ်လို့  သေဆုံးခဲ့တယ်လို့  ယူဆရမယ်ထင်တယ်။  စာထဲမှာတော့  နဂါးတို့က  စိတ်ဆိုးလို့  နဂါးပြည်ကို ဆောင်ယူသွားတယ်လို့ ရေးထားတယ်။  ဒွတ္တဘောင်မင်းလွန်ပြီးတဲ့နောက်  သရေခေတ္တရာမှာ  မင်းဆက် ၂၅ ဆက် အုပ်စိုးခဲ့တယ်။  သုပညာနဂရဆိန္နမင်း   လက်ထက်မှာ သရေခေတ္တရာပြည်ကြီးဟာ  စကောကို  လေပွေတိုက်လို့   ငါ့စကောလို့   အော်ပြီးလိုက်ရာကနေ   တိုင်းပြည်ပျက်ခဲ့တယ်လို့ ဆိုတယ်။ အဲဒါ   ခရစ်သက္ကရာဇ် ၉၄ (ကောဇာသက္ကရာဇ် ၁၆)။  ဒီစာအုပ်မှာတော့  တခြား   ပျူမြို့တော် တွေ အကြောင်း ဖေါ်ပြတာမရှိတော့ဘဲ နောက် ၁၃   နှစ် အကြာ (ကောဇာသက္ကရာဇ် ၂၉၊  ခရစ်သက္ကရာဇ် ၁၀ရ) မှာ  သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်းအရပ်မှာ ပုဂံပြည်ကို စတင် တည်ထောင်ခဲ့တယ်လို့   ဆိုတယ်။

ဒုတိယ ပြောပြချင်တဲ့  စာအုပ်ကတော့  လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ နီးပါး (ခရစ်သက္ကရာဇ် ၁၈၂၉ ဝန်းကျင် ၊ စစ်ကိုင်းမင်း ခေါ်    ဘကြီးတော်ဘုရား လက်ထက်) က ရေးခဲ့တဲ့ မှန်နန်းရာဇဝင်။  အဲဒီစာကို ပညာရှိဆရာတော်ကြီးတွေ၊ မင်းတိုင်ပင်အမတ်ကြီးတွေ၊ ပုဏ္ဏား၊ အတွင်းဝန်   နဲ့    စာရေးကြီးတွေ  အစရှိတဲ့ အဖွဲ့ဝင် ၁၃ ဦးပါတဲ့ အဖွဲ့နဲ့ ရေးခဲ့ကြတယ်။  မှန်နန်းရာဇဝင် ပထမ နဲ့ ဒုတိယတွဲ မှာတော့   မဇ္ဈိမဒေသ   (အိန္ဒိယနိုင်ငံ) က မင်းတွေ   အကြောင်းဘဲမို့ အကျယ်မပြောတော့။  အကျဉ်းချုပ်ကတော့   မဟာသမ္မတမင်းကစလို့ ဘုရားလောင်း   သိဒ္ဓတ္ထမင်းတိုင်အောင်   မင်းပေါင်း  သုံးသိန်း သုံးသောင်း လေးထောင် ငါးရာခြောက်ကျိပ်  နဲ့ ကိုးယောက်ရှိတယ်လို့ ဆိုတယ်။   တတိယတွဲမှာတော့   မြန်မာအစ တကောင်းကလို့ ဆိုစကားဖြစ်လာမဲ့   တကောင်းပြည်တည်ထောင်ခြင်း  အကြောင်းရှင်းပြတယ်။    ဂေါတမမြတ်စွာဘုရား မမွေးခင် နှစ်ပေါင်းများစွာက ကောသလတိုင်းပြည် (ပဉ္စလရာဇ်မင်း) နဲ့ ကောလိယတိုင်း တို့ စစ်ဖြစ်တဲ့အခါ  ကောသလတိုင်းက နိုင်တယ်။  အဲဒီအခါ ကောလိယတိုင်းထဲမှာပါတဲ့ ကပိလဝတ်ပြည်က  သကျသာကီဝင်မျိုးဖြစ်တဲ့  အဘိရာဇာမင်းဟာ  တကောင်းမြို့နေရာ ကိုရောက်လာပြီး  သင်္ဃဿရဋ္ဌ လို့အမည်ပေးပြီး  တကောင်းမြို့ကို တည်ထောင်ခဲ့တယ်။  အဘိရာဇာမင်းကြီး လွန်တဲ့နောက် သားတော်နှစ်ပါးဖြစ်တဲ့  ကံရာဇာကြီး နဲ့  ကံရာဇာငယ် တို့  နန်းလုကြတဲ့အခါ ကံရာဇာငယ် အနိုင်ရပြီး တကောင်းမြို့ကို ဆက်လက်အုပ်စိုးတယ်။  အဲဒီကနေ မင်းဆက်ပေါင်း ၃၃ ဆက် အုပ်စိုး၊ ဘိဏကရာဇာမင်း လက်ထက်မှာ တရုတ်တို့ ဝင်တိုက်လို့ တိုင်းပြည်ပျက်ခဲ့တယ်။  လူစုကွဲပြီးပြေးကြတဲ့အခါ မိဖုရားကြီး နာဂဆိန်က တကောင်းမှာ ဆက်နေခဲ့တယ်။ 

အဲဒီကာလမှာဘဲ ကပိလဝတ်ပြည်မှာ  ဂေါတမမြတ်စွာဘုရားရဲ့ ဆွေမျိုး  သာကီဝင်မင်းမျိုးတွေကို ကောသလမင်း ဝိဋဋူပမင်းက  လက်စားချေပြီး တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်။ အဲဒီက ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဓဇရာဇာမင်းက တကောင်းရောက်လာတယ်။  ကျန်ခဲ့တဲ့ မိဘုရားကြီး နာဂဆိန်နဲ့ ပေါင်းဆုံမိပြီး   အညာပုဂံပြည် (တကောင်းမြို့ အနီးမှာရှိတဲ့) ကို တည်ထောင်ခဲ့တယ်။  အဲဒီကမှာ မြန်မာတို့ ဖြစ်လာတယ်လို့  ဆိုတယ်။ အချိန်ကာလ ကို ပြန်ကြည့်ရင် ဂေါတမမြတ်စွာဘုရားပွင့်တဲ့ ကာလဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကပေါ့။   

ဖြတ်ပြောရရင်  အညာပုဂံ  ဆိုတဲ့နာမည် ဘယ်ကရောက်လာတာလဲလို့ စဉ်းစားမိတယ်။  အဲဒီခေတ်က  ပုဂံဆိုတဲ့ နာမည်မှ  မရှိသေးဘဲ။ အဲဒီခေတ်ပြီး  နောင်အနှစ် ၁၅၀၀ လောက်နေမှ   အနော်ရထာမင်းကြီးက   ပုဂံပြည်ကို  တည်ခဲ့တာ (ခရစ်သက္ကရာဇ် ၁၀၄၄)။  ပြီးတော့ ပုဂံခေတ်က  ပုဂံကို   ပေါကာမ ဒါမှမဟုတ်  မွန်ဘာသာနဲ့    ပေါကာမ်၊ ပါဠိလို  အရိမဒ္ဒနပူရလို့  ခေါ်ခဲ့ကြတာ။

ဆက်ပြောရရင်   အဲဒီနောက်ပိုင်း  တကောင်းမင်းဆက်  ဒွတ္တဘောင်မင်းက  သရေခေတ္တရာပြည်တည်ထောင်ခန်းက  အထက်က  ဦးကုလားရေးတဲ့ မဟာရာဇဝင်ကြီးအတိုင်းပါဘဲ။   ထပ်တူမှီငြမ်းခဲ့တယ်လို့  ပြောလို့ရတယ်။  အဘိရာဇာမင်း၊ ဘိဏကရာဇာမင်း အကြောင်းတွေက စ လို့ ဒွတ္တဘောင်မင်းဟာ  ပန်ထွာဘုရင်မလက်ချက်နဲ့  ကွယ်လွန်ပုံ၊ သုပညာနဂရဆိန္နမင်း လက်ထက်မှာ သရေခေတ္တရာပြည်ကြီး  ပျက်စီးပုံ အားလုံးအတူတူဘဲ ဆိုပါတော့။  အဲဒီတော့  ရှေးမြန်မာသမိုင်း စာပေမှာ ထင်ရှားတဲ့  ဒီစာအုပ်  နှစ်အုပ်မှာ  မြန်မာအစ တကောင်းက ဆိုတဲ့အဆိုကို  မှန်နန်းရာဇဝင်က စခဲ့တယ်လို့ ပြောလို့ရတယ်။  

ဒါပေမဲ့  ဦးကုလားရေးတဲ့  မဟာရာဇဝင်ကြီးကို သေချာဖတ်ရင်  အဘိရာဇာမင်းတို့ ဓဇရာဇာမင်းတို့  ကပိလဝတ်ပြည် ကနေ  တကောင်းကိုလာခဲ့တာမပါပေမဲ့ တကောင်းပြည်ရှိတယ်ဆိုတာရယ်   တကောင်းမင်း သတိုးမဟာရာဇာရဲ့ သားတော်  မျက်မမြင်ညီနောင် မဟာသမ္ဘဝ  နဲ့ စူဠသမ္ဘဝ တို့ အကြောင်းတွေရယ်  ပျူမိဘုရားနဲ့ ရပြီး ပျူတိုင်းပြည်မှာ မင်းဖြစ်ခဲ့တာတွေရယ် အကုန်ပါတယ်။  ဆိုလိုတာ ဦးကုလားဟာ အဘိရာဇာမင်း၊  ကံရာဇာကြီး နဲ့ ကံရာဇာငယ်၊ ဓဇရာဇာမင်း တို့ အကြောင်းတွေကို သိတယ် ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့်  ထဲ့မရေးခဲ့တာလားလို့ စဉ်းစားမိတယ်။  ဒါဆို မှန်နန်းရာဇဝင်ကကော။  ဒီစာအုပ်က ဦးကုလားရဲ့  မဟာရာဇဝင်ကြီးကို  မှီငြမ်းပြီးရေး  ပြီးမှ တခြား သမိုင်းမှတ်တမ်းတွေ  ကျောက်စာတွေ ကနေ တကောင်းရာဇဝင်ကို  ထပ်ဖြည့်ခဲ့တယ်၊ ဒါမှမဟုတ် ဒီစာအုပ် ၂ အုပ်လုံးဟာ အခြားကိုးကားစာ တစ်ခုထဲကို မှီငြမ်းခဲ့ကြတာလို့ မှန်းကြည့်မိတယ်။ 

ဒါဆိုရင် ဒီဘက်ခေတ် သမိုင်းပညာရှင်တွေ ဘာတွေပြောခဲ့သလဲ လိုက်ရှာကြည့်မိတယ်။  အဲဒီထဲကမှ  ရှေးဟောင်းသုတေသနတူးဖေါ်မှုကနေ   တွေ့ရှိတာတွေ အခြေခံပြီးရေးခဲ့တဲ့ သမိုင်းမှတ်တမ်း  တချို့ကို  လက်လှမ်းမီသလောက်  ဖတ်မိတဲ့အထဲက နဲနဲလောက်ကြည့်ရအောင်။  ကိုးကားစာတွေကို  အောက်မှာ ရေးပေးလိုက်တယ်။

ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့   တွေ့ရှိချက်အရ  မြန်မာနိုင်ငံလို့ဖြစ်လာမဲ့  မြေပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း  တစ်သောင်းကျော် (ဘီစီ ၁၁၀၀၀) က  ကျောက်ခေတ်လူသားတွေ  စတင် နေထိုင်ခဲ့ကြတယ်လို့ဆိုတယ်။  အဲဒီ အထောက်အထားကို  ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ညောင်ချပ်ရွာနားက ပဒတ်လင်းဂူ (ပြဒါးလင်းဂူ)  ထဲ တွေ့ရှိရတယ်။  အဲဒီဂူထဲမှာ နံရံမှာရေးဆွဲထားတဲ့  အရုပ်တွေ  စားသောက်ပြီးပစ်ထားခဲ့တဲ့ အရိုးတွေ  မီးဖိုပြီးသုံးခဲ့တဲ့အတွက် ကျန်နေခဲ့တဲ့ ပြာတွေ တွေ့ရတယ်။   အဲဒီခေတ်ကို ကမ္ဘာ့သမိုင်း ဖြစ်စဉ်နဲ့ နိုင်းယှဉ်ကြည့်ပြီး ကျောက်ဟောင်းခေတ် လို့ ခေါ်တယ်။  အဲဒီအချိန်က လူတွေဟာ ကျောက်လက်နက်တွေ သုံးပြီး အမဲလိုက်ရှာဖွေ စားသောက်နေထိုင်ကြတဲ့ အဆင့်ဘဲရှိသေးတယ် စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးနိုင်တဲ့  အဆင့်မရောက်ကျသေးဘူးပေါ့။   ကျောက်လက်နက်ဆိုတာ မျက်နှာတစ်ဖက်က အသွားဖေါ်ထားတဲ့  စဉ်းဓါးလိုလက်နက်တွေ၊ ခုတ်ဖို့လို့အတွက်သုံးနိုင်တဲ့ မျက်နှာနှစ်ဖက်လုံး အသွားပေါ်အောင်ဖဲ့ထားတဲ့ လက်နက်တွေနဲ့ ပဲကွပ်လို လက်နက်မျိုးတွေပါဘဲ။  အဲဒီကျောက်ခေတ်လူသားတွေ  နေခဲ့ကြတဲ့ အထောက်အထားတွေ  သုံးခဲ့ကြတဲ့  ကျောက်လက်နက်တွေကို  မြန်မာနိုင်ငံတဝှမ်း ယခုအခေါ်အားဖြင့် ပြည်၊ သရက်၊ မကွေး၊ ရေနံချောင်း၊ ပုပ္ပါး၊ မိုးကုတ်၊ ရှမ်းပြည်မြောက်ပိုင်း နဲ့ ချင်းတောင်တွေမှာ တွေ့ ရတယ်။  အဲဒါကို ကြည့်ချင်းအားဖြင့်  အခု  မြန်မာနိုင်ငံလို့ ဖြစ်လာမည့် နေရာမှာ  လူသားတွေဟာ  လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းကျော်ကတဲက  အခြေချနေခဲ့ပြီလို့ သိနိုင်ပါတယ်။

တဖြည်းဖြည်းနဲ့ လူတွေရဲ့ နေထိုင်စားသောက်မှုတိုးတက်လာတဲအါ ကျောက်ခေတ်လူသားတွေဟာ အမဲလိုက်ရှာဖွေ   စားသောက်ကြရာက ကောက်ပဲသီးနှံတွေ ထွန်ယက်စိုက်ပျိုးတတ်လာတယ်။   ကျွှဲ နွားတွေမွေးမြူတတ်လာတယ်။  ဒါပေမဲ့  မြို့ပြတည်ထောင်တဲ့  ယဉ်ကျေးမှုအဆင့်မျိုး မရှိကြသေးဘဲ ဘာသာစကား  အမူအကျင့်တူသူတွေ  စုနေကြတဲ့ သဘောမျိုးလောက်ဘဲရှိကြတယ်။   လူတွေရဲ့  နေထိုင် စားသောက်မှုနဲ့   ယဉ်ကျေးမှု အဆင့်အတန်း တိုးတက်လာတဲ့အခါ တဖြည်းဖြည်းနဲ့ ရွာလေးတွေ ပြီးတော့   မြို့ တွေစသည်ဖြင့်   တည်ထောင်တဲ့ အဆင့်ကို ရောက်လာတယ်။  

အဲဒီလို  တဖြည်းဖြည်းတိုးတက်လာသလို  အခြားဒေသက လူတွေလဲ  ပြောင်းရွှေ့ ရောက်လာကြတယ်။    လွန်ခဲ့တဲ့  နှစ်ပေါင်း ၂၄၀၀ ဝန်းကျင် (ဘီစီ ၃ ရာစု) လောက်က  စပြီး  မြောက်ဖက်ကုန်းမြင့် (တိဗက်နိုင်ငံနဲ့ နီးနီး၊ အခု တရုတ်နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ) ဒေသမှာ နေထိုင်ခဲ့ကြတဲ့လူတွေဟာ  အခု မြန်မာနိုင်ငံလို့ ဖြစ်လာမဲ့ နေရာကို  ရောက်ရှိလာကြတယ်။  သူတို့ဟာ တိဗက်-ဗမာ  (Tibeto-Burman)  အနွယ်လူမျိုးတွေ  ဖြစ်ကြတယ်။  အဲဒီ သူတွေကို  ပျူ (ထုလော်ကျူ)  လို့ခေါ်တယ်။  သူတို့ဟာ ဧရာဝတီမြစ်ဝှမ်းတလျှောက်ဖြန့်ကျက် နေထိုင်ခဲ့ကြပြီး နှစ်ပေါင်း ၂၀၀၀ ဝန်းကျင် (အေဒီ ၁ ရာစု)  လောက်မှာ  မြို့ ကြီးတစ်ခုကို ပထမဆုံး တည်ဆောက်ခဲ့ကြတယ်။  အဲဒီမြို့ ကြီးကို ပိဿဏိုးလို့ခေါ်တယ်။  အဲဒီပျူတွေနဲ့ အတူ နာဂ၊ သက် နဲ့ ဂဒူးလူမျိုးတွေပါ မြန်မာနိုင်ငံထဲကို အဲဒီအချိန်ကထဲက  အတူရောက်ရှိလာကြတယ်လို့ ယူဆကြတယ်။ 

ဖြတ်ပြောရရင် ကျနော်တို့က ပျူလို့ခေါ်နေကြမဲ့  သူတို့ကိုယ်တိုင်က  ထုလော်ကျူ လို့ခေါ်တယ်။  တရုတ်တို့က ဖျောက် လို့ခေါ်တယ်။  ပုဂံခေတ်က မြန်မာတို့ မွန်တို့က  တိရ်စုလ် လို့ခေါ်တယ်။  ပျူတွေဟာ ဗိဿဏိုးမြို့တော်ကို တည်ထောင်ခဲ့ရုံတင်မက  တကောင်းအောက်  ဧရာဝတီမြစ်ဝှမ်း တခုလုံးမှာ ဖြန့်ကျက်ပြီးနေထိုင်ခဲ့ကြတယ်။ ဗိဿနိုးမှာ နေခဲ့ကြတဲ့ ပျုတွေဟာ လယ်ယာစိုက်ပျိုးရေး၊ ပန်းပဲလုပ်ငန်း၊ ယက်ကန်းလုပ်ငန်း တွေနဲ့ အသက်မွေးခဲ့ကြတယ်။  အိန္ဒိယ၊ ယူနန်၊ ဒွါရဝတီ (ထိုင်းနိုင်ငံ) တို့နဲ့ စီးပွားရေး ဆက်သွယ်မှုတွေရှိခဲ့တယ်။  ဗိဿဏိုးရဲ့ စီးပွားရေးဟာ  တော်တော်လေး  အောင်မြင်ခဲ့တာကြောင့် ဖူနန် (Funan) ဘုရင် သီရိမာရ (Srimara) က   ခရစ်သက္ကရာဇ်  (အေဒီ) ၂၁၅ မှာ ဝင်ရောက်သိမ်းယူခဲ့တယ်။  ဖူနန်ဆိုတာ အခုခေတ်မှာ ကမ်ဘောဒီးယားနိုင်ငံ (Cambodia) ဖြစ်လာမဲ့နေရာမှာရှိတယ်။  ခရစ်သက္ကရာဇ်   ၂၂၅ မှာ ဖူနန်တပ်တွေ  ပြန်ရုပ်သိမ်းသွားပြီးနောက်ပိုင်း မြန်မာပြည်တောင်ပိုင်းက မွန်တွေရယ် သူတို့နဲ့အတူ ရောပါလာတဲ့ အိန္ဒိယတောင်ပိုင်းသား  (Pandyan) တို့က ဝင်ရောက် နေရာယူခဲ့ကြတယ်။  ဗိဿဏိုးဟာ  နှစ်ပေါင်း၂၀၀ ကျော်  မွန်နဲ့ အိန္ဒိယတောင်ပိုင်းသားတွေ လက်ထဲမှာဘဲ ရှိနေခဲ့တယ်။    အဲဒီမှာရှိတဲ့ မွန်တွေနဲ့ အိန္ဒိယတောင်ပိုင်းသားတွေကို သရေခေတ္တရာမှာရှိတဲ့ ပျူတွေက သူတို့ရဲ့ မျိုးနွယ်  Pandya ကိုလိုက်ပြီးတော့  ပန်ထွာ  လို့ခေါ်ခဲ့ကြတယ်။  ခရစ်သက္ကရာဇ်  (အေဒီ) ၅ ရာစုမှာ သရေခေတ္ထရာမှာရှိတဲ့  ပျူတွေက ဗိဿဏိုးကို ဝင်တိုက်၊  ပန်ထွာဘုရင်မကို  ဖမ်းသွားပြီးတဲ့နောက်ပိုင်းမှာတော့ ဗိဿဏိုးဟာ မြို့ပျက်တစ်ခုအဖြစ်သာကျန်ခဲ့တယ်။  သုတေသနတူးဖေါ်မှုတွေ အရ  စာပေထွန်းကားခဲ့တဲ့  လက္ခဏာ  ဗုဒ္ဓဘာသာ ထွန်းကားခဲ့တဲ့ လက္ခဏာ မတွေ့ရဘူးလို့ ဆိုပါတယ်။  

ဗိဿဏိုးကို ဖူနန်ဘုရင် သီရိမာရ ဝင်သိမ်းပိုက်တဲ့   ခရစ်သက္ကရာဇ်  ၂၁၅  ကာလမှာ  ဗိဿဏိုးက ထွက်ပြေးခဲ့တဲ့ ပျုတွေဟာ တချို့က သရေခေတ်တရာ တချို့က ရွှေဘိုနယ်က ဟန်လင်းမှာ စုရုံးမိခဲ့တယ်။ အဲဒီကမှ အစထဲက အခြေကျနေတဲ့ ပျုတွေနဲ့ပေါင်းပြီး မြို့တော်တွေ တည်ဆောက် မြို့ပြယဉ်ကျေးမှုအဆင့်ကိုရောက်ခဲ့ကြတယ်။ အဲဒါကြောင့် သရေခေတ်တရာ နဲ့ ဟန်လင်းမြို့တော်တွေမှာ ဗိဿဏိုးမှာတွေ့ရတဲ့ ယဉ်ကျေးမှု နဲ့ ဗိသုကာလက်ရာတွေ  တွေ့ရတယ်။

ဟန်လင်းမြို့ဟာ  လွန်ခဲ့တဲ့ နှစ်ပေါင်း  ၁၂၀၀ ကနေ ၁၇၀၀ ကြား   (အေဒီ ၄ ရာစုကနေ ၉  ရာစုကြား) နှစ်ပေါင်း ၅၀၀ ကျော်လောက် ထွန်းကားခဲ့တယ်။  ဗိသုကာပညာရပ်မှာ  အဆင့်မြင့်ခဲ့တယ်။ လယ်ယာစိုက်ပျိုးရေး၊ ပန်းပဲ၊ ပန်းရံ၊ ကျောက်ဆစ်လုပ်ငန်းတွေလုပ်ခဲ့ကြတယ်။  ထူးခြားတဲ့ အချက်က စာပေပညာရှင်တွေရှိနေခဲ့ပြီလို့ ဆိုတယ်။ ပြီးတော့  ဗိဿဏိုးထက်ပို ချမ်းသာကြတယ်။   ရွှေငွေ  ကျောက်မျက် ရတနာတွေ  သုံးစွဲကြတယ်။  ဟန်လင်းမြို့ဟာ  အေဒီ ၉  ရာစုမှာ မီးလောင်ပြီးပျက်စီးခဲ့တယ်လို့  သုတေသန တူးဖေါ်မှုတွေကနေ သိရတယ်။

ပျုမြို့တော်တွေထဲမှာ သရေခေတ္တရာမြို့တော်က အကြီးမားဆုံးနဲ့ ယဉ်ကျေးမှုအဆင့်အမြင့်ဆုံး ဖြစ်ခဲ့တယ်။  အဲဒီ သရေခေတ္တရာမြို့တော်ကြီးဟာ အေဒီ ၄ ရာစု ကနေ ၉ ရာစု ကြားမှာ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀၀ လောက်က စပြီးနှစ်ပေါင်း  ၅၀၀ လောက်)   ထွန်းကားခဲ့တယ်။  ဟန်လင်းမြို့ နဲ့  တပြိုင်တည်းပေါ့။  အခုခေတ်မှာ သရေခေတ္တရာလို့  ခေါ်ကြပေမဲ့   အဲဒီခေတ်ကတော့  ဂြီကွေတြလို့ ခေါ်  ခဲ့တယ်။ သရေခေတ္တရာမြို့တော်ကြီး ထွန်းကားခဲ့စဉ်က   တရုတ်ပြည်က သံတမန်တွေလာလည်ခဲ့ကြတယ်။ သူတို့ရေးခဲ့တဲ့  မှတ်တမ်းတွေအရ   မြန်မာနိုင်ငံတဝှမ်းမှာ ပျုမြို့ပေါင်း (၁၈) မြို့အထိရှိခဲ့တယ်လို့  ဆိုတယ်။  ဒါတင်မက သရေခေတ္တရာမြို့တော်ကြီးဟာ  ခံတပ်မြို့ ၉  မြို့ တည်ဆောက်ပြီး ကာကွယ်ထားတယ်။  အခုခေတ်မှာတော့  အဲဒီနေရာတွေက သီပေါ၊ ကမ်းသီတာ၊ မြင်းခြံ၊ မောရိယ၊ ဟန်လင်း၊ သဲကုန်း၊ တောင်တွင်းကြီး၊ ထီးချိုင် နဲ့  မိုင်းမော  တို့ဖြစ်တယ်။  ပျု တို့ဟာ အေးအေးချမ်းချမ်း  နေတတ်တယ်၊ ဂီတကို ချစ်မြတ်နိုးတယ် လို့ဆိုတယ်။   ခရစ်သက္ကရာဇ် ၈၀၂ မှာ  ပျူယဉ်ကျေးမှုအဖွဲ့ ဟာ   တရုတ်ဧကရာဇ်ဆီကို သွားရောက်ခဲ့ဘူးတယ်။   ပျု ယောင်္ကျားလေး မိန်းကလေး တွေ ၇ နှစ်ပြည့်ရင် သာသနာဘောင်ကို ဝင်ရတယ်။ အသက် ၂၀ ထိ သာသနာမှာဘဲနေ၊ ပညာသင်၊ အသက် ၂၀ ပြည့်လို့မှ သာသနာမှာ မပျော်ပိုက်ရင် လူထွက် လုပ်ကိုင်စားသောက်ကြတယ်။  ခရစ်သက္ကရာဇ်  ၈၃၂ မှာ ယူနန်ပြည်နယ်က လာတိုက်ခိုက်တဲ့ နန်ကျောင် ခေါ် နန်စော (Nanzhao or Nan Cao) ဘုရင်  ချွမ်ဖမ်ယို့ (Chuan Feng Yu) ရဲ့ တပ်တွေကို   စစ်ရှုံးပြီး နန်ကျောင်တို့ လက်ချက်နဲ့ သရေခေတ္တရာမြို့ ကြီး  ပျက်စီးခဲ့ရတယ်။  တချို့သမိုင်းစာပေ တွေမှာတော့  ကမ်းယံ နဲ့ သက်လူမျိုးတွေ  တိုက်ခိုက်မှုကြောင့် ပျက်စီးတယ်လို့ ဆိုတယ်။  တချို့ စာပေတွေမှာတော့  ကရင်လူမျိုးတွေနဲ့  ရောနှောပြီး တိမ်ကောပျောက်ကွယ်ခဲ့တယ် လို့ဆိုတယ်။

စိတ်ဝင်စားစရာကောင်းတာတစ်ခုက သုတေသနတူးဖေါ်မှုတွေကနေ  အရိုးအိုးတွေမှာတွေ့ရတဲ့  သရေခေတ္တရာကို အုပ်စိုးခဲ့ကြတဲ့  ပျူမင်းတွေရဲ့   နာမည်တွေပါဘဲ။  ဒေဝမိတြ၊  ဟရိဝိကြမ၊  သိဟဝိကြမ၊ သူရိယဝိကြမ၊  ခြိထိုင်ဝိကြမ၊  ဇတြဝိကြမ၊ အဒိတျဝိကြမ   လို့ ခေါ်တဲ့  ပျူမင်း (ရ) ပါးရဲ့ နာမည်တွေဟာ  မဟာရာဇဝင်ကြီး မှာကော  မှန်နန်းရာဇဝင်မှာကော  မတွေ့ရပါ။ အဲဒီလိုဘဲ  ဒီစာပေတွေမှာတွေ့ရတဲ့  ပျူမင်းပေါင်း (၅၀) ရဲ့ နာမည်တွေဟာလည်း  သုတေသနတူးဖေါ်လို့ရတဲ့  အရိုးအိုးတွေ ကျောက်စာတွေမှာ  တွေ့ရခြင်းမရှိပါ။  

နောက်တစ်ခု  စိတ်ဝင်စားဖို့ကောင်းတာက  အချိန်ကာလတွေ တော်တော်ကွာနေတာ။  မဟာရာဇဝင်ကြီးနဲ့  မှန်နန်းရာဇဝင်မှာ  သရေခေတ္တရာ  ပျက်စီးခဲ့ရတဲ့ကာလ  ကို ကောဇာသက္ကရာဇ်  ၁၆  နှစ် (ခရစ်သက္ကရာဇ်  ၉၄) လို့  ဆိုတယ်။  ဒါပေမဲ့ သုတေသနတူးဖေါ်မှုတွေအရ  သရေခေတ္တရာကော  ဟန်လင်းကော ခရစ်သက္ကရာဇ်  ၉  ရာစုနှစ် ထိရှိနေခဲ့တယ်။  ဆိုလိုတာ နှစ်ပေါင်း  ၇၀၀ ကျော်  ကွာနေတယ်။

အရေးကြီးတဲ့  နောက်ထပ်မြို့တော်ဟောင်းက  တကောင်းမြို့ဟောင်း။  မြန်မာ့သမိုင်းမှာ  အရေးကြီးတဲ့မြို့တော်  ဖြစ်တယ်။  ဒါကြောင့်  ရှေးဟောင်းသုတေသန ဦးစီးဋ္ဌာနက  ထုတ်ဝေခဲ့တဲ့  စာတွေ သတင်းအချက်အလက်တွေကို ရှာပြီးဖတ်ခဲ့တယ်။  မြေပေါ်အထောက်အထား  ရှာဖွေတာ လေးကြိမ် (၁၉၂၃၊ ၁၉၃၈၊ ၁၉၆၀၊ ၁၉၆၆) လုပ်ခဲ့တယ်။  မြေပေါ်မှာတွေ့ရသမျှက  ပုဂံခေတ်က (ခရစ်သက္ကရာဇ် ၁၁ ရာစု)  အသုံးပြုခဲ့တဲ့  အုတ်ခွက်တွေ အုတ်ခွက်ဘုရားတွေ ဖြစ်တယ်လို့ဆိုတယ်။  တကောင်းမြို့ဟောင်းနဲ့ အညာပုဂံမြို့ဟောင်း  တူးဖေါ်ခြင်းကို  ၁၉၆၇-၆၈ မှာ တစ်ကြိမ်၊ ၁၉၆၈-၁၉၆၉  မှာ တစ်ကြိမ် လုပ်ခဲ့ကြတယ်။  အဲဒီတူးဖေါ်မှုကနေ  တွေ့ရှိခဲ့တဲ့ အိုးအင်ခွက်ယောက်တွေ  (ရေတည်အိုး၊ ရေတကောင်း၊ ရေသွန်းကရား၊ သပိတ်၊ ညောင်ရေအိုး၊ ဆီမီးခွက်)  ပုတီးနဲ့ဆွဲပြားတွေ  မြေမီးဖုတ် အုတ်ခွက်ဆင်းတုတော်တွေ ဒါတွေအားလုံးဟာ   ပုဂံခေတ်က  လက်ရာတွေဖြစ်တယ်လို့  ဆိုတယ်။  ဒါတွင်မက  အုတ်တွေမှာ ရေးထားတဲ့   အရေးအသားတွေဟာ  ပုဂံခေတ်က အရေးအသားတွေဘဲ ဖြစ်တယ်လို့တွေ့ရတယ်။  စိတ်ဝင်စားဖို့  ပိုကောင်းတာက  ပျူလူမျိုးတို့  သုံးခဲ့ကြတဲ့ ဒင်္ဂါတွေ၊ သိရိဝိစ္ဆ၊ ငါးကြင်းရှစ်ကောင်စတဲ့ အရုပ်တွေချယ်ထားတဲ့ အိုးခြမ်းကွဲတွေ လူအရိုးအိုးတွေ  မတွေ့ရဘူးလို့  ဆိုတယ်။ အကျဉ်းချုပ်ကတော့   တကောင်းမြို့ဟောင်းမှာ  တွေ့ရသမျှဟာ ပုဂံခေတ်ကသာ  ဖြစ်တယ် လို့ဆိုတယ်  (ဦးသန်းဆွေ၊ ၁၉၉၃)။   ဆိုလိုတာ ရှေးဟောင်း မြန်မာ့သမိုင်းစာပေတွေမှာ   တွေ့ခဲ့ရတဲ့ အဘိရာဇာမင်း  အစရှိတဲ့မင်းတွေ  ရှိခဲ့တယ်ဆိုတဲ့   အထောက်အထားတွေ  မတွေ့ရဘူး  သို့မဟုတ် မတွေ့ရသေးဘူးပေါ့။  နောက်တစ်ခါ   ၂၀၀၀ ခုနှစ်မှာ  ရှေးဟောင်းသုတေသနဋ္ဌာနက  တကောင်းမြို့ဟောင်းတူးဖေါ်ရေး  ထပ်လုပ်ခဲ့ပြန်တယ်  (ချစ်စံဝင်း၊ ၂၀၀၃)။  ဒီအခါမှာတော့   တကောင်းမြို့ဟောင်းနားက    ဆင်ညှပ်ကုန်းရွာနားမှာတူးခဲ့ကြတယ်။  အဲဒီမှာတော့ တွေ့ရတဲ့  အုတ်ခွက်တွေ  အုတ်ပြွန်ခြမ်းတွေဟာ  ဗိဿဏိုးမြို့ဟောင်းမှာ  တွေ့ရတဲ့ ပျူတို့ရဲ့လက်ရာနဲ့တူတယ်။  ဒီတွေ့ရှိချက်တွေကြောင့် တကောင်းမြို့ဟောင်းဟာ ခရစ်သက္ကရာဇ်  ၅  ရာစုကနေ ၇ ရာစုထိထွန်းကားခဲ့တယ်လို့  ရှေးဟောင်းသုတေသနဋ္ဌာနက  ထုတ်ပြန်ခဲ့တယ်လို့  ဆိုတယ်။  အဲဒီတော့  တကောင်းဟာ  ပျူမြို့ဟောင်းတစ်ခု  ဖြစ်တယ်လို့ ပြောနိုင်ပေမဲ့  မြန်မာအစ တကောင်းကလို့  ဆိုခဲ့တဲ့  အယူအဆကို ထောက်ခံနိုင်ခြင်း မရှိသေးလို့ဘဲ  မြင်ပါတယ်။ 

နောက်ဆုံး   ပြောဖို့ကျန်တဲ့  ပျူမြို့ဟောင်းကတော့  ပင်လယ်မြို့ဟောင်းလို့ခေါ်တဲ့  မိုင်းမော မြို့ဟောင်းပါဘဲ။   ဒီမြို့ဟောင်းက  ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ်မှာရှိတယ်။  ၁၉၇၂ ကမှ ဒီမြို့ဟောင်းကို  စတင်သတိပြုမိခဲ့ကြပြီး  ၁၉၈၀ ကျမှ ရှေးဟောင်းသုတေသနဋ္ဌာနက တူးဖေါ်မှုတွေ  စတင်ခဲ့ကြတယ်။  စိတ်ဝင်စားဖို့ကောင်းတာ  ဒီမြို့ဟောင်းကြီးအကြောင်းကို  ဘယ်သမိုင်းစာပေမှာမှ  မဖေါ်ပြခဲ့ကြဘူး။  ဒါပေမဲ့ သုတေသနတွေ့ရှိချက်တွေအရ ဒီမြို့တော်ကြီးဟာ ခရစ်သက္ကရာဇ်  ၄ ရာစု  လောက်ကတဲ့က စတင်ထွန်းကားခဲ့ပြီး   ဗိဿဏိုး၊ သရေခေတ္တရာ၊ ဟန်လင်း တို့နဲ့ ခေတ်ပြိုင်တည်ရှိခဲ့တယ်လို့ သိရတယ်။  ဗိဿဏိုးက သရေခေတ္တရာက ဝင်တိုက်လို့ ခရစ်သက္ကရာဇ် ၅ ရာစုလောက်မှာ  ပျက်စီးခဲ့ပြီး  သရေခေတ္တရာ၊ ဟန်လင်း နဲ့  မိုင်းမောတို့က  ခရစ်သက္ကရာဇ် ၉  ရာစုမှာ ပျက်စီးခဲ့ကြတယ်။  ရွှေပေလွှာ၊ ငွေပေလွှာ အပိုင်းအစတွေ  ငွေပန်းချပ်တွေ  ရွှေပုတီးစေ့ ဆင်ရုပ်ပုတီးစေ့တွေ အများအပြားတွေ့ရတယ်။ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ကျောက်စာတစ်ချပ်ကိုတွေ့ရတယ်။  ဒါကိုကြည့်ပြီး  မိုင်းမောမှာနေထိုင်ခဲ့ကြတဲ့  ပျူတွေဟာ သရေခေတ္တရာနဲ့  ဟန်လင်းမှာ  ရှိခဲ့ကြတဲ့ ပျူတွေလိုဘဲ  စာပေကို   ကောင်းစွာတတ်မြောက်ကြတယ်လို့  ဆိုနိုင်တယ်။ အဲဒီကျောက်စာတွေ့ခဲ့တဲ့ ရွာလေးကို  အစွဲပြုပြီး   မြနဒီကျောက်စာ လို့ခေါ်ကြတယ်။   

ပျူမြို့တော်အကြောင်း  အကျဉ်းချုပ်ရရင်  ပျူတို့ တည်ဆောက်ထားခဲ့တဲ့   ပုဂံမတိုင်မီ မြန်မာနိုင်ငံဟာ   ဗိဿဏိုးမြို့ တည်ထောင်တာကစလို့  သရေခေတ္တရာမြို့တော်  ဟန်လင်းမြို့  မိုင်းမောမြို့ စတဲ့   ပျူမြို့တွေပျက်စီးခဲ့ရတဲ့  ၉ ရာစုထိ   နှစ်ပေါင်း ၉၀၀ ဝန်းကျင် ထည်ထည်ဝါဝါနဲ့  ရပ်တည်ခဲ့တယ်။  ပျူမြို့တွေ  မြန်မာတဝှမ်းလုံးမှာ ရှိနေခဲ့ပြီး  အဲဒီအထဲမှာ သရေခေတ္တရာမြို့တော်ဟာ အကြီးဆုံးဖြစ်တယ်။  မြို့အကျယ်  ၅.၅ စတုရန်းမိုင်  ပတ်လည် ၈ မိုင် ၅ ဖါလုံ ရှိတယ်။ ပြောရရင်   အဲဒီအကျယ်ဟာ  မန္တလေးနန်းမြို့ရိုးထက်  ပိုကြီးတယ်။  တရုတ်မှတ်တမ်းတွေ အရ  ပျူမြို့တွေဟာ  ကျယ်ပြန့်စွာရှိနေခဲ့ပြီး  မြောက်ဘက်မှာ နန်ကျောင်၊  အရှေ့ဘက်မှာ  ကမ္ဘောဇ၊ တောင်ဘက်မှာ  ပင်လယ်၊  အရှေ့တောင်မှာ ဒွါရဝတီ (ရှေးက  ထိုင်းနိုင်ငံ) အထိ  ကျယ်ပြန့်စွာရှိတယ် လို့ဆိုတယ်။     ခရစ်သက္ကရာဇ် ၈၃၂ မှာ  နန်ကျောင်ဘုရင်  ချွမ်ဖမ်ယို့ ရဲ့  တပ်တွေ  ဝင်ရောက်မီးရှို့ဖျက်စီးပြီးတဲ့ နောက်မှာ  ပျူမြို့ပြတွေဟာ  တစစီပြိုကွဲခဲ့ရတယ်။  ပျက်စီးခဲ့တာ သရေခေတ္တရာမြို့  လို့ဆိုပေမည့်   တချို့စာတွေမှာတော့  ဟန်လင်းဖြစ်နိုင်တယ်လို့  ဆိုတယ်။      ဒါတင်မက  နန်ကျောင်တပ်တွေ  ခရစ်သက္ကရာဇ် ၈၃၅ မှာ တစ်ကြိမ်ထပ်ဝင်လာပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်က  မွန်မြို့ဟောင်း   မဲချဲန် (Me Cheng) ကို ဖျက်စီးခဲ့ပြန်တယ်။   ဒါထက်ပိုပြီး စဉ်းစားရရင်  နန်ကျောင်တပ်တွေ မြောက်ဘက် ယူနန်ကနေ  သရေခေတ္တရာထိ ဧရာဝတီမြစ်ဝကျွန်းပေါ်ထိ  ဆင်းပြီးတိုက်ခိုက်ခဲ့တာ  တကောင်း၊ ဟန်လင်း၊ မိုင်းမော စတဲ့  ပျူမြို့လည်း အလွတ်ပေးခဲ့မှာ မဟုတ်ဘူးလို့ မှန်းဆမိတယ်။  ဒါကြောင့်  ပျူမြို့ပြတွေဟာ  မီးလောင်ပျက်စီးခဲ့တယ်   လို့ဘဲ  သုတေသနတူးဖေါ်မှုတွေမှာ   တွေ့ကြရတယ်။  နန်ကျောင်တို့ရဲ့ တိုက်ခိုက်ဖျက်စီးမှုကို  နှစ်ကြိမ်ခံလိုက်ရပြီးတဲ့နောင်မှာ  ပျူတို့ဟာ မြို့ပြတွေ  ပြန်လည်ထူထောင်နိုင်ခြင်း  မရှိတော့ပါဘူး။  

အဲဒီ  ၉  ရာစုနောက်ပိုင်းကာလမှာ  ပျူမြို့ပြတွေမရှိတော့ဘဲ   ပျူတွေဟာ  နေရာအနှံ့ပြန့်ကြဲရောက်ရှိရင်း  ဟိုးအရင်ရှိထားပြီးသား  စိုက်ပျိုးမွေးမြူရေးခေတ်ထဲက  အခြေချနေထိုင်နေသူတွေရယ်   မြန်မာပြည်မြောက်ဘက်  ကုန်းမြင့်တွေက   နောက်ထပ် ရောက်လာတဲ့    ချီအင် (ဂျီယံ) အနွယ်တွေရယ်နဲ့  ပူးပေါင်းပြီးနေခဲ့ကြတယ် လို့ဆိုတယ်။   သမိုင်းပညာရှင်တွေ  အတော်များများ လက်ခံထားတဲ့  အချက်က  အဲဒီ တိဗက်-ဗမာ  (Tibeto-Burman)  အနွယ်လူမျိုးတွေဖြစ်တဲ့  ချီအင်လူမျိုးတွေဟာ   လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ဝန်းကျင်  (ဘီစီ ၂၅၁၅) မှာ  မြန်မာပြည်မြောက်ဘက်မှာရှိတဲ့  Yellow river မြစ်ဝှမ်း  အလယ်ပိုင်းမှာ ရှိနေခဲ့ကြပြီး  တဖြည်းဖြည်းနဲ့   တောင်ဘက်ပြောင်းရွေ့ ခဲ့ကြတယ်။    အဲဒီလူမျိုးတွေဟာ   လွန်ခဲ့တဲ့ နှစ်ပေါင်း  ၃၀၀၀ ဝန်းကျင်  (ဘီစီ ၈၅၀)  လောက်ကထဲက    မြန်မာပြည်မြောက်ဖျားကို  စတင်ဝင်ရောက်ခဲ့ကြတယ်။    နန်ကျောင်တို့     ပျူတွေကို   ဝင်တိုက်ခိုက်တဲ့အချိန်  ခရစ်သက္ကရာဇ်  ၉  ရာစုမှာတော့    သံလွင်မြစ်နဲ့  နမိုင်ခ မြစ်ဝှမ်းများအတိုင်း ဝင်ရောက်ခဲ့ကြတယ်။  ကျောက်ဆည်ဝန်းကျင်မှာ အခြေချခဲ့ပြီး  အခု  မြစ်သာလို့ ခေါ်တဲ့အရပ်ရယ်   မင်းဘူးလို့  ဖြစ်လာတဲ့    အရပ်တွေမှာ တိုးပွားနေထိုင်ခဲ့ကြတယ်။  အဲဒီ  ပျူတွေရယ်   ရှေးမွန်မဆွ ရှိထားပြီးသားမြန်မာတွေရယ်    ချီအင်တွေရယ်ကို    ယနေ့ခေတ်မြန်မာတို့ရဲ့ဘိုးဘွားများလို့   ယူဆကြတယ်။   ဒီနေရာမှာ  မြန်မာသမိုင်းပညာရှင်များအကြားမှာ  အခုအချိန်ထိ အငြင်းပွားစရာ  အယူအဆ တစ်ခုထည့်ပြောချင်တယ်။  မြန်မာအစဟာ ကျောက်ဆည်က  ဖြစ်တယ်လို့  သမိုင်းပညာရှင်တစ်ချို့က  ယူဆခဲ့ကြတယ်။  ဆိုလိုတာ   ခရစ်သက္ကရာဇ်  ၉ ရာစုမှာ   မြန်မာပြည်မြောက်ဘက်က  ဆင်းလာတဲ့    ချီအင် တို့ဟာ ကျောက်ဆည်နယ်မှာ  အခြေစိုက်ပြီး   ဧရာဝတီမြစ်ဝှမ်းတလျှောက်နဲ့  ရခိုင်တောင်တန်းများဆီကို   ယပ်တောင်လို  နေရာအနှံ့  ပြန့်ထွက်သွားတယ်လို့  ယူဆခဲ့ကြတယ်။    ဒီအယူအဆကို  လက်မခံတဲ့  ပညာရှင်တွေလည်း  အများအပြားရှိတယ်လို့   သိရပါတယ်။

စဉ်းစာမိတာက  ရှေးမြန်မာတွေဟာ  ကျောက်ခေတ် ကြေးခေတ်  သံခေတ်ကစလို့       ပျူမြို့ ပြများထွန်းကားခဲ့စဉ်ကာလ  ကတဲက ရှိနေနှင့်ကြပြီးသား။     ပျူမြို့ ပြတွေ   မပျက်စီးချိန်မှာ   ပေါကာမ လို့ခေါ်တဲ့   ပုဂံဟာ ပျူမြန်မာမြို့အနေနဲ့   ရှိပြီးသား။  ပျူမြို့ ပြတွေ ပျက်စီးတဲ့အချိန်  ခရစ်သက္ကရာဇ် ၈၃၂  မှာ  ပုဂံပြည်မှာ ခဲလူးမင်း (ခရစ်သက္ကရာဇ် ၈၂၉ - ၈၄၆)   အုပ်စိုးနေချိန်။   ပျူတွေဟာ သူတို့နဲ့  အမျိုးနွယ်တူတဲ့   ပုဂံကို  ရောက်ရှိခဲ့ကြမယ်။  အဲဒီ    နန်ကျောင်ရဲ့ ရန်ကြောင့်ရောက်ရှိလာတဲ့  ပျူတွေရယ်   ရှိထားပြီးသား    ရှေးဦးမြန်မာတို့ရယ်    ထပ်ရောက်လာတဲ့  ချီအင်တို့ရယ်ဟာ   ပုဂံမှာ အားလုံး  ပေါင်းမိကြမယ်။  အဲဒီ   အချိန်လောက်က စပြီး  ပုဂံပြည်  ထွန်းကားခဲ့တဲ့   အချိန်ရောက်လာခဲ့တယ်  လို့ယူဆမိပါတယ်။    နန်ကျောင်တွေ  ဝင်တိုက်ပြီး    ၁၄  နှစ်  အကြာမှာ ပုဂံမှာ  ပျဉ်ပြားမင်း   (ခရစ်သက္ကရာဇ် ၈၄၆-၈၇၈)    နန်းတက်လာတယ်။   ပျဉ်ပြားမင်း   တည်ဆောက်ခဲ့တဲ့  သရပါတံခါး ကလည်း   အခုအချိန်ထိ  အထင်အရှား တည်ရှိနေဆဲ။   ပျဉ်ပြားမင်း   လွန်တဲ့နောက်မှာတော့   တန်နက်မင်း၊ စလေငခွေးမင်း၊  သိန်းခိုမင်း၊  တောင်သူကြီးမင်း၊  ကွမ်းဆော်မင်း၊  ကြီးစိုးမင်း၊ စုက္ကတေးမင်း  နဲ့  ပြီးတော့  အနော်ရထာလို့ခေါ်တဲ့   အနိရုဒ္ဓမင်းကြီး    ခရစ်သက္ကရာဇ် ၁၀၄၄ မှာ  နန်းတက်လာခဲ့တယ်။

နောက်ဆုံးပြောချင်တဲ့ အကြောင်းတစ်ခုကတော့   ပျူနဲ့  မြန်မာ အတူတူပါလို့   ဆိုနေကြတဲ့  အယူအဆ တစ်ခုပါဘဲ။  အဲဒါကိုကြားတော့   ထိလိုင်မင်  လို့ခေါ်တဲ့    ကျန်စစ်သားမင်းကြီးရဲ့    သားတော်   ရာဇကုမာရ်ရဲ့   မြစေတီကျောက်စာကို   ပြေးမြင်မိတယ်။    မြစေတီကျောက်စာမှာ     ဘာသာစကား ၄  မျိုး  ပျူ၊ မွန်၊ ပါဠိ၊  မြန်မာ ဘာသာတွေနဲ့   ရေးထိုးထားခဲ့တာ။   ကိုယ်ပိုင်စကား ကိုယ်ပိုင်စာပေ  ရှိခဲ့တဲ့  ပျူတို့ဟာ  မြန်မာတို့ရဲ့   ဘိုးဘွားတွေပါ။  ဒါပေမဲ့  ပျူ နဲ့  မြန်မာ မတူကြလို့ဘဲ  နားလည်မိပါတယ်။  

အေးအေးချမ်းချမ်းနေတတ်တဲ့ ဘာသာတရားကိုလေးစားယုံကြည်တဲ့    ဂီတကိုမြတ်နိုးတတ်တဲ့   ပျူတို့ရဲ့ သွေးတွေ၊  တိုက်ခိုက်ရေးကောင်းတဲ့   မြင်းစီးကျွမ်းတဲ့  ချီအင်တဲ့ရဲ့သွေးတွေ၊    ဓားမဦးချမြေမှာဘဲနေတတ်တဲ့  မိမိဘိုးဘွားမြေကို  ချစ်မြတ်နိုးတတ်တဲ့  ရှေးမြန်မာတို့ရဲ့သွေးတွေဟာ   အခု မြန်မာတို့ရဲ့  သွေးကြောတွေထဲမှာ စီးဆင်းနေဆဲဖြစ်မယ်လို့  ယုံကြည်ပါတယ်။


ကိုးကား

(၁) ဦးကုလား၊ မဟာရာဇဝင်ကြီး၊ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်၊ ၂၀၀၆။
(၂) မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ရန်ကုန်၊ ပြည်ကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်၊ ၁၉၉၂။
(၃) ဦးဖိုးကျား၊ ခေတ်မှီမြန်မာရာဇဝင်အကျဉ်း၊ ၁၉၃၇။
(၄) ဒေါက်တာသန်းထွန်း၊ ပျူတွေဘယ်ပျောက်သွားသလဲ၊ ရန်ကုန်၊ သ်ီရိဆွေစာအုပ်တိုက်၊ ၂၀၀၅။
(၅) ဒေါက်တာသန်းထွန်း၊ ခေတ်ဟောင်းမြန်မာရာဇဝင်၊ ရန်ကုန်၊ မဟာဒဂုံစာပေထုတ်ဝေရေး၊ ၁၉၆၉။
(၆) ချစ်စံဝင်း၊ မြန်မာအစအထောက်အထားလေ့လာချက်စာတန်း၊ ရန်ကုန်၊ မြဝတီစာပေတိုက်၊ ၂၀၀၃။
(ရ) ဦးမောင်မောင်ကြီး၊ ကမ္ဘာ့သမိုင်းအခြေပြ၊ ရန်ကုန်၊ အမြင်သစ်စာပေ။
(၈) ဗိုလ်မှုးဘရှင်၊ အနော်ရထာအရင်က မြန်မာနိုင်ငံ၊ ရန်ကုန်၊ ဆွေဆွေမော်စာပေ၊ ၁၉၇၅။
(၉) ဦးသန်းဆွေ၊ ဦးစိန်မောင်ဦး၊ ဦးအောင်သော်၊ ဦးမြင့်အောင်၊ ရှေးဟောင်း မြန်မာ မြို့တော်များ၊ ပြန်ကြာရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၁၉၉၃။